အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်ကိုက်ညီသော အကောက်ခွန်နှုန်းထားများကို ချမှတ်ကျင့်သုံးပြီး အမေရိကန်သို့ တင်ပို့သည့်ပို့ကုန်ပစ္စည်းများတွင် ပြည်တွင်းထုတ်ပစ္စည်းပါဝင်မှု နည်းပါးလျက်ရှိ

 

အိန္ဒိယမှ အမေရိကန်သို့ တင်ပို့သည့် အိုင်ဖုန်း၊ ဆိုလာပြား၊ စိန်နှင့် လောင်စာဆီ အပါအဝင် ပို့ကုန်များသည် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်မှုနည်းပါးသောကြောင့် နိုင်ငံအတွက် အကျိုးအမြတ် အနည်းငယ်သာရကြောင်း၊ အစိုးရအနေဖြင့် အမေရိကန်အား အိန္ဒိယသွင်းကုန်ခွန်များသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်ကိုက်ညီကြောင်း နားလည်သဘောပေါက်စေရန်နှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုမျှခြေညီရန် ဆောင်ရွက်သင့်ကြောင်း၊ လာမည့်ကုန်သွယ်ရေးဆွေးနွေးပွဲ၌ အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ  ရှောင်ရှားနိုင်ရေး အကောက်ခွန်နှုန်းထားမူဝါဒများကို ရှင်းလင်းမည့် မဟာဗျူဟာ ချမှတ်ထားရန် လိုအပ်ကြောင်း အိန္ဒိယ၏ Think Tank အဖွဲ့ဖြစ်သည့် Global Trade Research Initiative - GTRI က ပြောကြားထားမှုကို The Economic Times သတင်းဌာနက ဖော်ပြထားသည်။

ဆက်လက်၍ GTRI က အမေရိကန်၏ အပြန်အလှန်အခွန်ကောက်ခံမှု အဆိုပြုချက်အပေါ် အိန္ဒိယက တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သွင်းကုန်အချို့အပေါ် အကောက်ခွန်တိုးမြှင့်ခြင်း၊ အမေရိကန်ဒီဂျစ်တယ်ကုမ္ပဏီများအား ပြည်တွင်းအခွန်ကောက်ခံခြင်းနှင့် မူပိုင်ခွင့်ယူထားသော ဆေးဝါးများအား မဖြစ်မနေလိုင်စင်ယူစေခြင်း စသည့် နည်းလမ်းများကျင့်သုံးပါက နှစ်နိုင်ငံကြား ကုန်သွယ်မှုစစ်ပွဲဖြစ်နိုင်ကာ အိန္ဒိယသာ နစ်နာမည်ဖြစ်ကြောင်း၊ အိုင်ဖုန်းပို့ကုန်ကို နမူနာကြည့်ပါက အမေရိကန်ရှိ အိုင်ဖုန်းတစ်လုံးလက်လီဈေး ဒေါ်လာ ၁၀၀၀ တွင် အိန္ဒိယမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၅၀၀ သာရပြီး အိန္ဒိယမှ အမှန်တကယ်ပါဝင်မှု ဒေါ်လာ ၃၀ သာရှိကြောင်း၊ ကုန်သွင်းသူ(supplier) များက ဒေါ်လာ ၄၅၀၊ Apple ကုမ္ပဏီက လိုင်စင်အတွက် ဒေါ်လာ ၄၅၀၊ အမေရိကန်လက်လီရောင်းချသူများက ဒေါ်လာ ၅၀ ရရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယမှ အမေရိကန်သို့ စမတ်ဖုန်းတင်ပို့မှုမှ ရငွေ ဒေါ်လာ ၅.၆ ဘီလီယံတွင် အိန္ဒိယက အမှန်တကယ်ရငွေသည် ဒေါ်လာ ၃၃.၆ သန်းသာ ရှိကြောင်း၊ အကယ်၍ ထုတ်ကုန်အတွက် မက်လုံးပေးအစီအစဉ်များရှိပါက အိန္ဒိယ၏ ဝင်ငွေသည် သုညနီးပါးသာရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်းတန်ဖိုးမြှင့်ထုတ်လုပ်မှု ၁၀ % အောက်ရှိ ဆိုလာပြား၊ စိန်၊ လောင်စာဆီများနှင့် အခြားပို့ကုန်မှ ဝင်ငွေများလည်း အလားတူပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုမျှချေတွက်ချက်ရာတွင် ပြည်တွင်းကုန်စည်တန်ဖိုးမြှင့် ထုတ်လုပ်နိုင်မှုကို ထည့်သွင်းတွက်ချက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း အမေရိကန်က အိန္ဒိယ၏ အစိုးရဝယ်ယူရေးကိစ္စများတွင် အမေရိကန်ကုမ္ပဏီများအား ဈေးကွက်ဖွင့်ပေးရန်၊ အိန္ဒိယ၏ လယ်ယာအထောက်အပံ့များ လျော့ချပေးရန်၊ မူပိုင်ခွင့်ဆိုင်ရာ အတားအဆီးများအား ဖြေလျော့ပေးရန် စသည့် အိန္ဒိယမှ နှစ်ပေါင်းများစွာ တင်းခံနေသောကိစ္စ များအပေါ် တွန်းအားပေးမည်ဟု သုံးသပ်ထားကြပါသည်။

အိန္ဒိယ၏ အကောက်ခွန်နှုန်းများသည် ၁၉၉၅ ခုနှစ်က အမေရိကန်အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက တစ်ခုတည်းသော ကတိကဝတ် (single undertaking) အဖြစ် သဘောတူညီခဲ့သည့် အခွန်နှုန်းများဖြစ်ကြောင်း၊ အဆိုပါကာလ၌  ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့အတွက် အခွင့်အရေးပိုမိုရရှိသည့် မူပိုင်ခွင့်၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ လယ်ယာကုန်သွယ်မှု စသည့်ကိစ္စများ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြေလျော့ခဲ့ရမှုအပေါ် အပြန်အလှန်ပေးအပ်သည့်အနေဖြင့် အကောက်ခွန် တိုးမြှင့်ကောက်ခံခွင့်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို အမေရိကန်နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ အိန္ဒိယအနေဖြင့် အမေရိကန်သို့ တင်ပို့သည့် စက်မှုကုန်စည်များအပေါ် အကောက်ခွန် လုံးဝမကောက်ခံခြင်း သို့မဟုတ် အမေရိကန်၏ အကောက်ခွန်အသစ်များအပေါ် လက်တုံ့ပြန်မှုမရှိဘဲ လက်ခံခြင်း စသည့် နည်းလမ်းနှစ်သွယ်အနက် ပိုမိုကောင်းမွန်သည့်နည်းလမ်းကို ရွေးချယ်ရန် လိုအပ်ကြောင်း   Think Tank အဖွဲ့ဖြစ်သည့် GTRI က ပြောကြားထားပါသည်။

ရင်းမြစ်။     https://economictimes