တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုတွင် ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံထက် ဈေးကွက်အသာစီးရရှိနေ

 

နိုင်ငံတကာကုန်သွယ်မှုဗဟို(ITC) ၏ အချက်အလက်များအရ တရုတ်နိုင်ငံသို့ ထိပ်တန်းငှက်ပျောသီး တင်သွင်းသူအဖြစ် နှစ် ၂၀ ကြာ ရပ်တည်လာခဲ့သော ဖိလစ်ပိုင်နိုင်ငံ၏နေရာကို ဗီယက်နမ်က ၂၀၂၄ ခုနှစ်တွင် အဆုံးသတ်လိုက်ပြီဖြစ်ပါသည်။ 

တရုတ်သည် အရှေ့တောင်အာရှ၏ နာမည်ကြီး သီးနှံထုတ်လုပ်သူဖြစ်သည့် ဗီယက်နမ်ထံမှ ၂၀၂၃ ခုနှစ်တွင် ငှက်ပျောသီးတန်ချိန် ၅၀၅,၆၃၃ တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၂၄ % တိုးမြှင့်ကာ  တန်ချိန် ၆၂၅,၁၆၆ စံချိန်တင် တင်သွင်းခဲ့ကြောင်း၊ တရုတ်သည် ဖိလစ်ပိုင်ထံမှ ၂၀၂၃ ခုနှစ်တွင် ငှက်ပျောသီးတန်ချိန် ၆၈၅, ၈၆၉ တင်သွင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၃၂.၄၅ % လျော့နည်း၍ ၄၆၃,၃၀၆ တန်ချိန် ဝယ်ယူခဲ့ပြီး ၁၅ နှစ်အတွင်း အနိမ့်ဆုံးပမာဏဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းဌာန Philstar က ဖော်ပြထားပါသည်။ 

နိုင်ငံတကာကုန်သွယ်မှုဗဟို၏ အချက်အလက်များအရ တရုတ်သည် နှစ်စဉ်ငှက်ပျောသီးတန်ချိန် ၁.၈ သန်းတင်သွင်းလျက်ရှိရာ ၂၀၁၇ ခုနှစ်တွင် အဆိုပါပမာဏ၏ ၇၀ % ကို ဖိလစ်ပိုင်နိုင်ငံက ရရှိထားသော်လည်း ယခုအခါ ၂၇.၄၇ % သာ ကျန်ရှိတော့ကြောင်း၊ ဗီယက်နမ်သည်လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တရုတ်နိုင်ငံငှက်ပျောသီးတင်သွင်းမှု၏ ၁ % သာ ရရှိခဲ့သော်လည်း ယခုအခါ ၃၇.၀၆ % ရရှိ နေပြီဖြစ်ကြောင်း သိရှိရပါ သည်။

၂၀၁၈ နှင့်၂၀၁၉ ခုနှစ်များတွင် တရုတ်သည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းငှက်ပျောသီးဈေးကွက် ၃ ခု ထဲမှ ၁ ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ပြည်တွင်းထုတ်လုပ်မှု စိန်ခေါ်မှုများ ကြောင့် ဒုတိယအဓိကဈေးကွက်ဖြစ်ခဲ့ကာ မကြာသေးမီနှစ်များအတွင်း ဖိလစ်ပိုင် အနောက်ပင်လယ်ပြင်တွင် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများကြောင့် တရုတ်က ဝယ်ယူမှုများ လျော့ကျခြင်းလည်းပါဝင်သည်ဟု လုပ်ငန်းပိုင်းမှ သုံးသပ်ကြပါသည်။

ဖိလစ်ပိုင်ငှက်ပျောစိုက်ပျိုးသူများနှင့် တင်ပို့ရောင်းချသူများအသင်းကမူ ငှက်ပျောပင်များ၌ ဖြစ်ပွားသော ပနားမားရောဂါ ( Fusarium Wilt ) ကြာရှည်စွာဖြစ်ပွားမှု၊ တရုတ်၏ မတည်ငြိမ်သော ဈေးနှုန်းသတ်မှတ်မှုယန္တရား (volatile spot pricing mechanism) တို့က ဖိလစ်ပိုင်၏ တင်ပို့မှုကို လျော့ကျစေပြီး  ဗီယက်နမ်သည် ကမ္ဘောဒီးယား၊ ငှက်ပျောလုပ်ငန်း၌ ရင်းနှီးမြုပ်နှံမှုမှ အထောက်အပံ့များကြောင့်လည်းဖြစ်ကြောင်း သုံးသပ်ခဲ့ပါသည်။

ဖိလစ်ပိုင်၏ ငှက်ပျောသီးပို့ကုန်ဈေးကွက်သည် တရုတ်အပြင် တောင်ကိုရီးယား၌လည်း စျေးကွက် ဝေစုအများအပြားဆုံးရှုံးလျက်ရှိကြောင်း၊  ဖိလစ်ပိုင်၏ အဓိကဈေးကွက်များဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် လက်တင်အမေရိကနှင့် အာရှတို့မှ ငှက်ပျောသီးထုတ်လုပ်သူများ၏ ပြိုင်ဆိုင်မှုများကို တိုးမြင့်ကြုံတွေ့နေရကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က  ဖိလစ်ပိုင် သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ငှက်ပျောသီး တင်ပို့မှုအဆင့်၌  စတုတ္ထနေရာသို့ ကျဆင်းသွားသည်ဟု ခန့်မှန်းထားကြောင်း၊ အစိုးရနှင့် ငှက်ပျောလုပ်ငန်းလုပ်ကိုင်သူများက ကျဆင်းနေသော ငှက်ပျောသီးလုပ်ငန်းကဏ္ဍကို ပြန်လည်ရှင်သန်စေရုံသာမက လျော့ရဲနေသော စျေးကွက်ဝေစုကို ကယ်တင်နိုင်စေမည့် အစီအစဉ်ကို ဆောင်ရွက်ရန်ကြိုးပမ်းနေကြောင်း သတင်းစာတွင် ဖော်ပြထားပါသည်။

 

ရင်းမြစ်။  Philstar