၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် စတင်ထမ်းဆောင်ရေးဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံမည်

   ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်တွင် ဆာဗားပြည်နယ် ကိုတာကင်နာဘာရုတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကိုအိမ်ရှင်နိုင်ငံအဖြစ်လက်ခံ ကျင်းပပေးခြင်းဖြင့်  မလေးရှားနိုင်ငံက ၂၀၁၅ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို စတင် ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

   အဆိုပါတွေ့ဆုံမှုမှာ ၂၀၁၅ ခု နှစ် မလေးရှားနိုင်ငံ  အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချိန်မှာပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ နဲ့  အခြားသော အစည်းအဝေးများအတွက်  ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့အစည်းအဝေးဖြစ်ပါတယ်။

   တွေ့ဆုံပွဲမှာ   ဝန်ကြီးများက ၂၀၁၅ ခုနှစ်အတွက်   အာဆီယံကဆောင်ရွက်ရမယ့်   ဦးစားပေးအစီအစဉ်များနဲ့ အာဆီယံအသိုက်အဝန်းရဲ့  ၂၀၁၅  ခုနှစ် အလွန်  ရည်မှန်း ချက်များ ကိုဆွေးနွေးဖို့ခန့်မှန်းရပါတယ်။ ဝန်ကြီးများက အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံများအတွက် အရေးကြီးတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿ  နာများ ကိုဆွေးနွေးမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံက  ဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပပေးမယ့်အစည်းအဝေးတွေအနက်  ၂၀၁၅ ခုနှစ် မှာ ကျင်းပမယ့် (၂၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာကျင်းပမယ့် (၂၇) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေပါဝင်ပါတယ်။ မလေးရှားနိုင်ငံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချိန်မှာ ထားရှိတဲ့အဓိက ဆောင်ပုဒ်က ''ငါတို့ပြည်သူ ငါတို့ အသိုက်အဝန်း၊  ငါတို့ရည်မှန်းချက်'' (Our People, Our Community, Our Vision) ဖြစ်ပါတယ်။၂၀၁၅ခုနှစ် ကို  နိုင်ငံရေး လုံခြုံမှု၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုဆိုင်ရာ အခြေခံလမ်းညွှန်ချက်သုံးခုမှာပါတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အပြီးသတ်အကောင်အထည်ဖော်မယ့်နှစ်အဖြစ် သတ်မှတ်ထားပါ တယ်။ ဒါကြောင့် အာဆီယံအတွက်၂၀၁၅ ခုနှစ်က   စိတ်ဝင်စားစရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

   ၂၀၁၅ ခုနှစ်အတွက် အာဆီယံရဲ့ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုက ၂၀၀၉- ၂၀၁၅ ခုနှစ်အာဆီယံအသိုက် အဝန်းအတွက် လမ်းပြမြေပုံမှာချမှတ်ထားတဲ့ အတိုင်း အာဆီယံအသိုက်အဝန်းကိုထူထောင်မှုဖြစ်ပါတယ်။ ဒီလမ်းညွှန်မှုအရအာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့ကရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ၊ ပြည်သူအချင်းချင်းဆက်သွယ် မှုနဲ့အတူ  တူညီတဲ့စည်းမျဉ်းဥပဒေတွေနဲ့  လုပ်ထုံးလုပ်နည်းတွေချ မှတ်သွားမှာဖြစ်ပါတယ်။

ဉာဏ်တင်