အသေးစားလုပ်ငန်းများ၏ ငွေဖြစ်လွယ်မှုကိုမြှင့်တင်ရန် ထိုင်း SME ဘဏ်က ချေးငွေသစ်များထုတ်ချေးမည်

   ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SME Bank) သည် စီးပွားရေးပြန်လည်နာလန်ထူမှု အားနည်းနေသောကြောင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ ငွေဖြစ်လွယ် မှုကို အားဖြည့်ပေးရန် ယခုနှစ်တွင် ချေးငွေဘတ် ၄၀ ဘီလီယံ ထုတ်ချေးရန် ရည်မှန်းထားပါသည်။

   ယခုနှစ် ပထမ သုံးလပတ်အတွင်း စီးပွားရေးပြန်လည်နာလန်ထူလာမှုသည်  ထိခိုက်မခံသော အနေအထားတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း SME Bank ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Ms. Salinee က ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့ စီးပွားရေးအရခက်ခဲသောကာလတစ်လျှောက်တွင် SME Bank အနေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများကို ထောက်ပံ့ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ပါသည်။

   ထိုင်းနိုင်ငံရှိ ကူးသန်းရောင်းဝယ် ရေးဘဏ်များသည် အစိုးရ၏ အခြေခံ အဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးဖြည့်တင်းရာတွင် ငွေချေးပေးနိုင်ရန်အတွက် ပြင်ဆင် သည့်အနေဖြင့်  အာမခံငွေ (deposit) ကို မြှင့်တင်လိုက်သောကြောင့် ယခုနှစ်၌ ဘဏ်လုပ်ငန်းစနစ်တွင် ငွေဖြစ်လွယ်မှုသည် ကျပ်တည်းမည်ဖြစ်ပါသည်။

  နိုင်ငံပိုင်ဘဏ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံငွေ ၉၈ ရာခိုင်နှုန်း ပါဝင်သည့် SME Bank သည် ရင်းနှီးငွေဘတ် ၂ ဘီလီယံ တိုးမြှင့်ခြင်းကို ဖေဖော်ဝါရီ လ နောက်ဆုံးထား၍ အပြီးသတ်ဆောင်ရွက်မည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ ရင်းနှီး မြှုပ်နှံငွေအသစ်မှ ဘတ် ၁ ဒသမ ၅ ဘီလီယံသည် ချေးငွေသစ်များထုတ်ချေးခြင်း အတွက်ဖြစ်ပြီး၊ ဘတ်သန်း ၅၀၀ သည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ SMEs Private Equity Trust Fund  အတွက်ဖြစ်ပါသည်။

  SME Bank ၏ ရင်းနှီးမြှုပ်နှံငွေ အား ဘတ် ၂၀ ဘီလီယံမှ ၃၀ ဘီလီယံ သို့ မြှင့်တင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ၏ အတည်ပြုပြီးဖြစ်ကြောင်း၊ ရင်းနှီးငွေ ဘတ် ၂ ဘီလီယံ တိုးမြှင့်ခြင်းသည် အဆိုပါ အတည်ပြုချက်၏ တစ်စိတ် တစ်ဒေသဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မူဝါဒကော်မရှင် သို့မဟုတ် superboard ၏ စည်းမျဉ်းများနှင့်အညီ SME Bankသည် ဖောက်သည်အသစ်တစ်ဦးလျှင် ဘတ် ၁၅ ဘီလီယံ အထိသာ ထုတ်ချေးပေးမည်ဟု ကန့်သတ်ရန်ရည်ရွယ်ထားကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့