အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ကုန်သွယ်ရေးလိုငွေပြမှုကျဆင်း

  ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ဒေါ်လာ ၃၉ ဘီလီယံဖြစ်၍ အောက်တိုဘာလထက် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ကျဆင်းကြောင်း၊ နိုဝင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၁၉၆ ဒသမ ၄ ဘီလီယံဖြစ်၍ အောက်တိုဘာလထက် ဒေါ်လာနှစ်သန်းလျော့နည်းကြောင်း၊ သွင်းကုန် တင်သွင်းမှုသည်လည်း ယခင်လထက် ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ လျော့ ကျကာ ဒေါ်လာ ၂၃၅ ဒသမ ၄ ဘီလီယံဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ  ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

   ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အတွင်း၌ ကုန်စည်နှင့် ဝန်ဆောင်မှုနှစ်ရပ်ပေါင်း ကုန်သွယ်ရေးတွင် လိုငွေဖြစ်ပေါ်မှုသည် ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံ သို့မဟုတ် ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၆၀ ဘီလီယံ သို့မဟုတ် ၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် တင်သွင်းမှု သည် ဒေါ်လာ ၈၂ ဒသမ ၄ ဘီလီယံ  သို့မဟုတ် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့ပါသည်။

   ကုန်စည်ကုန်သွယ်ရေးတွင် အရင်းအနှီးကုန်စည်များဖြစ်သည့် အရပ်ဖက်သုံး လေယာဉ်၊ ဂျင်နရေတာ၊  ထရန်စဖော်မာ တင်ပို့မှု ကျဆင်းခဲ့၍ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံလျော့နည်းပြီး နိုဝင်ဘာလအတွင်း ကုန်စည်ပို့ကုန် စုစုပေါင်းမှာ ဒေါ်လာ ၁၃၆ ဒသမ ၇ ဘီလီယံဖြစ်ပါသည်။ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဝန်ဆောင် မှုများပါဝင်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ သုည ဒသမ ၁ ဘီလီယံလျော့နည်းခဲ့၍ ဝန်ဆောင်မှု ကုန်သွယ်ရေးတွင် ဒေါ်လာ သုည ဒသမ ၁ ဘီလီယံ ကျဆင်းပြီး ပို့ကုန် စုစုပေါင်း ဒေါ်လာ ၅၉ ဒသမ ၆ ဘီလီယံသို့ရောက်ရှိခဲ့ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဝါရှင်တန်မြို့