အမေရိကန်-မက္ကဆီကို အဆင့်မြင့်စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

    အမေရိကန်-မက္ကဆီကို ဒုတိယအကြိမ်အဆင့်မြင့်စီးပွားရေး ညှိနှိုင်းဆွေးနွေးပွဲ (U.S.-Mexico High-Level Economic Dialogue (HLED) ကို ဇန်နဝါရီ ၆ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ကျင်းပခဲ့ရာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး အပါအဝင် အစိုးရဌာနများမှ တာဝန်ရှိသူများ၊ မက္ကဆီကိုနိုင်ငံမှ စီးပွားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန အပါအဝင် အခြားသော ဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ ProMexico နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါသည်။

   စီးပွားရေးဆက်သွယ်မှုများ တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံမှ စားသုံးသူများ၊ အလုပ်သမားများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းများ ပိုမိုရရှိရန် ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နှင့်မက္ကဆီကိုနိုင်ငံတို့သည် အဓိကဒေါက်တိုင်ကြီးသုံးခုပါဝင်သည့် လုပ်ငန်း စဉ်များကို ချမှတ်ထားပါသည်။ အဆိုပါ ဒေါက်တိုင်ကြီးသုံးခုမှာ ယှဉ်ပြိုင်မှုစွမ်းရည်နှင့် ဆက်သွယ်မှုတို့ကိုတိုးမြှင့်ခြင်း၊ စီးပွားရေးကုန်ထုတ်လုပ်မှု၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ် တီထွင်မှုတို့ကိုချမှတ်ဆောင်ရွက်ခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ဦးဆောင်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်းစသည်တို့ဖြစ်ကြပြီး လုပ်ငန်း စဉ်များနှင့်အညီ ၂၀၁၅ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းများအဖြစ် စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍတွင် အပြန်အလှန်ဖလှယ်ရေးနှင့် လုပ်သားထုဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည့်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် အဂတိတိုက်ဖျက်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း၊ စွန့်ဦး တီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးနှင့် အမျိုးသမီးများ၏ စီးပွားရေးလုပ်ဆောင်နိုင်မှု ပိုမိုတိုးတက်စေရေးစသည်တို့ကိုဆောင် ရွက်မည်ဖြစ်ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဝါရှင်တန်မြို့