မိုဇမ်ဘစ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေတိုးလာ

   အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ ယခုလက်ရှိအချိန်အထိ လူပေါင်း ၁၁၇ ဦး သေဆုံး ခဲ့ပြီး သေဆုံးသူဦးရေမှာတိုးလာနိုင်ကြောင်းဖြင့် မိုဇမ်ဘစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏  ပြောကြားချက်ကို ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ သည်။

   မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုများမှာ ဆိုးရွားဆုံးဖြစ်ပြီး လူအသေအပျောက် အများဆုံးသောဒေသ ဖြစ်နေကြောင်း၊ ဇန်နဝါရီ ၂၅ရက် အထိ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လူပေါင်း နှစ်သိန်းကျော်မှာ ရေဘေးဒုက္ခကို ခံစားခဲ့ကြရကြောင်းဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ က ထုတ်ဖော်ပြောကြားခဲ့သည်။

   ရေလွှမ်းမိုးမှုများနှင့်   မြေပြိုမှုများကြောင့် ကျောင်းပေါင်း ၁၄၀၀ ကျော်ပျက်စီးခဲ့ရပြီး ကျောင်းသားပေါင်း ၇၈၀၀၀ ကျော်မှာ စာသင်ကြားမှုများ ရပ်ဆိုင်းခဲ့ရသည် ဟု အဆိုပါ သတင်းတွင်ဖော်ပြ ထားသည်။

   ထို့ပြင် မိုဇမ်ဘစ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ စိုက်ပျိုးမြေဧက ဟက်တာပေါင်း  ၃၃၇၀၀  ပျက်စီးခဲ့ရပြီး လမ်းများတံတားများလည်း ပျက်စီး ခဲ့ရကြောင်းဖြင့် ဖော်ပြထားသည်။

   ရေလွှမ်းမိုးခံရသည့်ဒေသခံများအား ရေဘေးမှလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၂၀၀၀ ကျော်ကို ဖွင့်လှစ်ကာကူညီ ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်လျက်ရှိ ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

   ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်များအရ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အာဖရိကနိုင်ငံများဖြစ်သည့် မိုဇမ်ဘစ်၊ မာလာဝီ၊ မဒါဂါစကာ၊ ဇင်ဘာဘွေ၊ ဇမ်ဘီယာနိုင်ငံ တို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့သဖြင့် လူပေါင်းတစ်သန်းခန့် ရေလွှမ်းမိုးမှုကိုခံခဲ့ရကြောင်း၊ တချို့သောသူများမှာ အိမ်ကိုလက်လွတ်ထားပြီး ထွက်ပြေးခဲ့ရကြောင်းဖြင့် ဖော်ပြ ထားသည်။

   မာလာဝီသမ္မတ ပီတာမူသရီကာက ''ကျွန် တော်တို့နိုင်ငံဟာ အရမ်းကို ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံ ပါ။ နိုင်ငံရဲ့စီးပွားရေးကို တိုးတက်အောင်လုပ်နေတဲ့အချိန်မှာ ခုလို မိုးရွာ ပြီးရေတွေကြီးသွားတဲ့အတွက်  နိုင်ငံရဲ့စီးပွားရေးဟာ ၅ ဒသမ ၈ ရာခိုင်နှုန်းလောက် ကျဆင်းသွားမှာပါ''ဟု ပြောကြားခဲ့သည်။

မယ်သီတာ