အာဆီယံဒေသကတစ်ခုတည်းဈေးကွက်ကို ကြေညာတော့မည်

   အာဆီယံဒေသက တစ်ခုတည်းသောဈေးအဖြစ် ယခုနှစ်အကုန်မှာဖွဲ့စည်းဖြစ်ပေါ်လာတော့မှာဖြစ်ကြောင်း၊  ဒါပေမယ့် ၁၀ နိုင်ငံအတွင်း  အတားအဆီးမရှိသွားလာနိုင်ရေး ဆို တဲ့ကြီးမားတဲ့ တချို့ကိစ္စတွေကိုတော့  ၂၀၂၀ ပြည့်နှစ်မှသာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မလေးရှားကုန်သွယ်ရေး ဝန်ကြီးကပြောပါတယ်။

   ''အာဆီယံ စီးပွားရေးအသိုက်အဝန်းအဖြစ် ကျွန်တော်တို့ကြေညာပါတော့မယ်။ မလေးရှားနိုင်ငံကဒီနှစ်မှာ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်''လို့ ဒါဗို့စ်မြို့၌  ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ အလွတ်သဘောတွေ့ဆုံမေးမြန်းခန်းမှာ မလေးရှားကုန်သွယ်ရေးဝန်ကြီး ဒါတွတ်ဆရီမွတ်စတာဖာမိုဟာမက်ကပြောပါတယ်။

  လူဦးရေ သန်း ၆၀၀ ရှိတဲ့ အရှေ့တောင်အာရှဒေသကို ဥရောပသမဂ္ဂစတိုင်ပေါင်းစည်းမှုမျိုးဆောင်ရွက်ဖို့ ၂၀၁၅ ခုနှစ်ကို နောက်ဆုံးနှစ်အဖြစ်သတ်မှတ်ထားပါတယ်။ ဒီလိုပေါင်းစည်းပြီးနောက်ပိုင်းမှာ  အခွန်တွေကို ပယ်ဖျက်ပြီးကျွမ်းကျင်လုပ်သားတွေကိုလည်းလွတ်လပ်စွာ ရွှေ့ပြောင်းနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေသတွင်းမှာရှိ တဲ့နိုင်ငံတွေက ဖွံ့ဖြိုးမှုအဆင့် အမျိုးမျိုးရှိနေတဲ့အတွက် ရည်မှန်းချက်ကို အောင်မြင်အောင်အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ သံသယများက ရှိနေဆဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံကဆယ်စု နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရာမှ စီးပွားရေးကိုစတင်ဖွင့်ပေးကာစပဲရှိပါတယ်။ စင်ကာပူနိုင်ငံကတော့  ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

 အခွန်တွေ အောင်မြင်စွာဖျက်သိမ်းဖို့၊ ကျွမ်းကျင်လုပ်သားတွေ လွတ်လပ်စွာပြောင်းရွှေ့နိုင်ဖို့အတွက်ဆိုရင် အာဆီယံပေါင်းစည်းရေးက ၂၀၂၀ ပြည့်နှစ်မှသာ ပြီးမြောက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သူကပြောပါတယ်။

ဉာဏ်တင်