ယခုနှစ်အတွင်း ကိုရီးယားအစိုးရက စာကြည့်တိုက် ၄၇ ခုထပ်တိုးဖွင့်လှစ်သွားမည်ဖြစ်

   ၂၀၁၅ ခုနှစ်အတွင်း ကိုရီးယားအစိုးရသည် စာကြည့်တိုက် ၄၇ ခု ထပ်တိုးဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ Gyeonggi ပြည်နယ်တွင် ၁၂ ခု၊ ဆိုးလ်တွင် ၈ ခု၊ အင်ချွန်တွင် ၆ ခု တို့ ဖြစ်ကြသည်။ ထပ်တိုးဖွင့်လှစ်မည့် စာကြည့်တိုက်များရှိ စာအုပ်များအပါအဝင် ကိုရီးယားနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များရှိ စာအုပ်များအရေအတွက်သည် ၅ သန်းမှ ၉၄.၆ သန်းအထိတိုးလာမည်ဖြစ်သည်။ စာကြည့်တိုက်အရေအတွက်လည်း ယခုနှစ်ကုန်တွင် ၉၆၈ ခုအထိရှိသွားမည်ဖြစ်သည်။

   သမ္မတ၏စာကြည့်တိုက်နှင့် သတင်းအချက်အလက်ဆိုင်ရာ မူဝါဒကော်မတီနှင့် ယဉ်ကျေးမှုအားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ထပ် တိုးဖွင့်လှစ်မည့် စီမံချက်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များတွင် အမှုထမ်းနေသော ဝန်ထမ်းအရေအတွက်အား ယမန်နှစ်အကုန်က ဝန်ထမ်း ၅၉,ဝဝဝ ဦးမှ ၅၃,ဝဝဝ ဦးသို့လျော့ချခဲ့သည်။ ကိုရီးယားနိုင်ငံတွင်း စာအုပ်ဦးရေနှင့် လူဦးရေအချိုးသည်လည်း စာကြည့်တိုက်အသစ်များဖွင့် လှစ်ပြီးပါက ၁.၆၄ မှ ၁.၈၄ သို့တိုးလာမည်ဖြစ်သည်။ အစိုးရ၏စာကြည့်တိုက်စာအုပ်များအတွက် တစ်နှစ်အသုံးစရိတ်သည် ၆၂.၄ ဘီလီယံ ဝမ် ($ ၅၆.၇ သန်း) ဖြစ်သည်။ ယခုနှစ်ဘတ်ဂျက်သည် ယမန်နှစ်ဘတ်ဂျက် ၆၄.၂ ဘီလီယံ ဝမ်မှ လျော့ကျသွားခြင်းဖြစ်သည်။

ကိုးကားချက် - Hankyung Daily