မြို့တော်ဂျကာတာတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများဖြစ်ပေါ်

   အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ မြို့တော်နေပြည်သူများမှာ နေအိမ်များကို စွန့်ခွာခဲ့ရကြောင်းဖြင့် ဂျကာတာပို့စ်သတင်းတွင် ဖော်ပြထားသည်။

   မြို့တော်၏ အဓိကလမ်းမကြီးများတွင် ရေလွှမ်းမိုးမှုများသည် နေအိမ်များ၊ ဆိုင်များအတွင်းသို့ပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရသဖြင့် စတိုးဆိုင်၊ စားသောက်ဆိုင်စသည့် ဆိုင် များကိုပိတ်ထားခဲ့ရကြောင်း၊ ယင်းကဲ့သို့ ပိတ်ထားခဲ့ရသဖြင့် နေ့စဉ်ရောင်းရငွေပေါင်း ရူပြား ၁ဒသမ ၅ထရီလီယံ(အမေ ရိကန်ဒေါ်လာ ၁၁၆  ဒသမ ၈) ဆုံးရှုံးနေရကြောင်းဖြင့် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

   ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်မှုစင်တာအနီးတစ်ဝိုက်တွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံး လျက်ရှိကြောင်းဖြင့် ဂျကာတာကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆာမန်ဆီမန်ဂျိုရန်ကပြောကြားခဲ့သည်။

  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စီလီဝမ်မြစ်ရေမျက်နှာပြင်မြင့်တက်လာခဲ့ရာ မြစ်ရေ၏စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ရောက်ရှိခဲ့မှုကြောင့် သမ္မတ အိမ်တော်နှင့် အမျိုးသားအထိမ်းအမှတ်ပြတိုက်တို့ကိုပါ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရကြောင်းဖြင့် အဆိုပါသတင်းတွင်ဖော်ပြထားသည်။

  ရေလွှမ်းမိုးမှုကြောင့်မြို့တော်ဂျကာတာတွင်နေထိုင်သည့်လူပေါင်း ၁၄၀၀၀ကိုကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာနေရာချထားပေးခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုများသည် ယခင်နှစ် များက ဖြစ်ပွားနေသော်လည်း ယခုနှစ်ရေလွှမ်းမိုးမှုသည် အဆိုးရွားဆုံးဖြစ်ကြောင်း၊ ဂျကာတာမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းများမှာဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေကြရကြောင်းဖြင့် ဆီမန်ဂျိုရန်က ထပ်မံပြောကြားခဲ့သည်။

မယ်သီတာ