မုန်တိုင်းတိုက်ခတ်မှု၊ ရေလွှမ်းမိုးမှုနှင့်ခြောက်သွေ့မှုတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင် နှစ်စဉ်ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံခန့်ရှိလာ

  မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ခြောက်သွေ့ခြင်း၊  အပူလှိုင်းဖြတ်ခြင်းစသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် အရှေ့တောင် အာရှရှိနိုင်ငံများ တွင် ပြန်လည်ပြုပြင်တည်ဆောက်ရသည့်ကုန်ကျစရိတ်များမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံအထိရှိလာနိုင်ကြောင်းဖြင့် သုတေသီ များ၏ ပြောကြားချက်ကို ကိုးကား၍ စီအန်န်အေသတင်းဌာနကရေးသားဖော်ပြခဲ့သည်။

   ယင်းကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သီးနှံအထွက်နှုန်းများကျဆင်းပြီး ခြောက်သွေ့မှုနှင့် အပူရှိန်လွန်ကဲမှုများကြောင့် ရောဂါဘယများ ထူပြောခြင်း တို့ဖြစ်ပေါ်လေ့ရှိ သည်။ ယင်းကဲ့သို့ဖြစ်ပေါ်ခြင်းသည် အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းဒေသရှိ  နိုင်ငံလေးနိုင်ငံဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့ ဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

  အရှေ့တောင်အာရှဒေသသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုအများဆုံးခံစားရသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရေလွှမ်းမိုးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုကြောင့် ဆားငန်ရေများဝင်ရောက်ခြင်းစသည့်အချက်များကြောင့်  သီးနှံအထွက်နှုန်းများကိုထိခိုက်စေ ခဲ့သည်ဟုဆိုသည်။

   အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် မြစ်ချောင်းအင်းအိုင်များအတွင်းသို့ ဝင်ရောက်လာသည့် ဆားငန်ရေများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်စေသည်။ ယင်းအချက်သည် တောင်သူလယ်သမားများအား ခြိမ်းခြောက်နေသည့် တစ်ခုတည်းသော သဘာ ဝဘေးအန္တရာယ်ဖြစ်သည်ဟုဆိုသည်။

  သုတေသီများကတင်ပြသည့် အစီရင်ခံစာတွင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သီးနှံထုတ်လုပ်မှုကဏ္ဍနှင့် သဘာဝအရင်းအမြစ်များမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေကြောင်းဖြင့်ဖော်ပြထားသည်။ ထို့ပြင် ရေလွှမ်းမိုးမှု၊ မုန်တိုင်း တိုက်ခတ်မှုနှင့် အပူလှိုင်းဖြတ်သန်းမှုတို့ကြောင့် ပြန်လည်တည်ဆောက်ရသည့် ကုန်ကျစရိတ်မှာ  နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရှိကြောင်းဖြင့် အဆိုပါအစီရင်ခံစာ တွင်ဖော်ပြထားသည်။