ပေကျင်းခရီးစဉ်အတွင်း အိုင်အမ်အက်ဖ်အကြီးအကဲက AIIB ဘဏ်ဖွင့်လှစ်ရေးကို ကြိုဆို
အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးဘဏ်သစ်တည်ထောင်ရေးအတွက် တရုတ်နိုင်ငံရဲ့အစီအစဉ်ကို ကြိုဆိုကြောင်းအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့( အိုင် အမ်အက်ဖ်) အကြီးအကဲ ခရစ်စတင်းလားဂတ်ကပြောပါတယ်။ ဒီဘဏ်ထူထောင်ရေးနဲ့ပက်သက်ပြီး ဥရောပမှထောက်ခံမှုကိုရရှိထားသော်လည်း အမေရိကန်ပြည်ထောင်စုက သံသယရှိနေကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။
တရုတ်နိုင်ငံဦးဆောင်တဲ့ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် ((Asian Infrastructure Investment Bank -AIIB) တည်ထောင်ရေးအတွက် ပါဝင်လက် မှတ်ရေးထိုးရန်ရည်ရွယ်ကြောင်း ဥရောပနိုင်ငံအတော်များများကပြသခဲ့ပြီးနောက်ပိုင်း ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာ လားဂတ်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗြိတိန်၊ဂျာမနီ၊ ပြင်သစ်၊ အီတလီ နဲ့ တခြားနိုင်ငံတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကမ္ဘာ့ဘဏ်နဲ့ မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေး ဘဏ်(အေဒီဘီ) တို့ကို အံ့အားသင့်စေခဲ့ပါတယ်။ တချို့က AIIB ကို ကမ္ဘာ့ဘဏ်နဲ့ အေဒီဘီရဲ့ပြိုင်ဘက်အဖြစ် သဘောထားရှုမြင်ကြပါတယ်။
အဂတိတိုက်ဖျက်ရေး၊ ပတ်ဝန်း ကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးနဲ့ ကမ္ဘာ့နိုင်ငံများနဲ့ အကျွမ်းတဝင်ရှိရေးစတဲ့ နယ်ပယ်တွေမှာ တရုတ်နိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကို လားဂတ်က ချီးကျူးကြောင်း တရုတ်ဝန်ကြီးချုပ် လီကဲရှင်းထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာဖော်ပြခဲ့ပါတယ်။
''အသစ်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ဒီနယ်ပယ်မှာဆောင်ရွက်မယ့် တရုတ်နိုင်ငံရဲ့ အစီအစဉ်တွေကို ကျွန်မကြို ဆိုပါတယ်'' လို့ လားဂတ်ကပြောပါတယ်။
ဉာဏ်တင်