တောင်ကိုရီးယားနိုင်ငံတွင် စက်မှုကုန်ထုတ်လုပ်မှုကျဆင်း

   တောင်ကိုရီးယား၏ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း စက်မှုကုန်ထုတ်လုပ်မှုသည် ယခင်လနှင့်နှိုင်းယှဉ်ပါကများစွာကျဆင်းခဲ့ကြောင်းသိရသည်။ ယင်းသို့ကျဆင်းသွားရသည့် အဓိကအကြောင်းရင်းမှာ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်းက ဝယ်လိုအားများခဲ့သည့် မော်တော်ကားများနှင့် အကြီးစား စက်ကိရိယာများသည် ဇန်နဝါရီလအတွင်း ပုံမှန် ဝယ်လို အားသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အစိုးရစာရင်းအင်းများကဖော်ပြခဲ့သည်။ ကိုရီးယားဗဟိုစာရင်းအင်းဌာနက ဓာတ်သတ္ထုရှာဖွေခြင်း၊ ကုန်ထုတ်လုပ်မှု၊ ဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍများရှိ ထုတ်လုပ်မှုများသည် ယခင်လကထက် ၃ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားကြောင်းဆိုသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ခြောက်နှစ်အတွင်း အနိမ့်ဆုံးကျဆင်းမှုဖြစ်သည်။

   ယမန်နှစ် နိုဝင်ဘာလက စက်မှုကုန်ထုတ်လုပ်မှုသည် သုည ဒသမ ၃ ရာခိုင်နှုန်းတက်ခဲ့ပြီး၊ ဒီဇင်ဘာလက ၃ ဒသမ ၄ ရာခိုင်နှုန်းတက်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ၏ ဝန်ဆောင်မှုှုကဏ္ဍ ကုန်ထုတ်လုပ်မှုသည် ဒီဇင်ဘာလနှင့်ယှဉ်ပါက သုည ဒသမ ၄ ရာခိုင်နှုန်းနောက်ဆုတ်သွားသော်လည်း ယမန်နှစ်နှင့်ယှဉ်လျှင် ၂ ဒသမ ၄ ရာခိုင်နှုန်း တက်လာခဲ့သည်ကိုတွေ့ရသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့