နီပေါနိုင်ငံတွင် ဒုတိယအကြိမ်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး

   နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက်က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိသည့်အင်အား အလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပေါင်း ၁၆ ရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အင်အားပြင်းထန်သည့်ငလျင်ထပ်မံလှုပ်ခတ်ခဲ့ရာ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့ သည်။

   အဆိုပါငလျင်သည် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုဖြစ်ပြီး ကိုဒါရီမြို့၏အရှေ့ တောင်ဘက် ၁၈ ကီလိုမီတာ အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ငလျင်တိုင်းတာရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။

  ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့် ဒဏ်ရာရရှိသူအများအပြားရှိလာနိုင်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများမှာ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ရှိလာနိုင်ကြောင်း၊ အဆိုပါ အင်အားပြင်းထန်သည့်ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်များလည်းလှုပ်ခတ်ခဲ့ရာ အင်အားရစ်ချ်တာစကေး  ၆ ဒသမ ၃ရှိသည့် ငလျင်နှစ်ခုလှုပ်ခတ်ခဲ့ကြောင်းဖြင့် ဒေသ ဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

   မြို့တော်ခတ္တမန္ဒူကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လူပေါင်းတစ်သောင်းနီးပါး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ရက်အနည်းငယ်သာခြားပြီး အင်အားပြင်း ငလျင်ထပ်မံလှုပ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပိုမိုပြင်းထန်လာ မည်ကို စိုးရိမ်လျက်ရှိနေကြောင်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးကပြောကြားခဲ့သည်။

   ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက် နေအိမ်များဆောက်လုပ်ပေးရန်စီစဉ်လျက်ရှိရာ အဆိုပါနေအိမ်များမှာ သွပ်ပြားများ၊ သတ္တုပိုက်များဖြင့် တည်ဆောက် ထားသည့် အမေရိကန်ဒေါ်လာ  ၁၀၀ တန်ကြေးရှိသည့် မြေစိုက်အိမ်များဖြစ်ကြောင်း၊    အဆိုပါနေအိမ်များကို မုတ်သုံရာသီမစတင်မီ အပြီးတည်ဆောက်ပေးမည်ဖြစ်ကြောင်း နီပေါနိုင်ငံသားပိုင် EK Project Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

  နီပေါနိုင်ငံမှ ငလျင်ဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရန်သွားရောက်ခဲ့သည့် အမေရိကန်လေတပ်မှ ကယ်ဆယ်ရေးရဟတ်ယာဉ်သည် ဧဝရက်တောင်အနီးတွင် ပျက်ကျသွားခဲ့ရာ လိုက် လံရှာဖွေလျက်ရှိသည့်အဖွဲ့မှတွေ့ရှိခဲ့သည်။

မယ်သီတာ