ကျောက်ဆည်ခရိုင် နနွင်းစျေးနှုန်းစျေးကွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ နနွင်းများကို ဖေဖော်ဝါရီလ၊ ပထမပတ် မှစတင်၍ တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ နနွင်းများ စတင်တူးဖော်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်လျက်ရှိပြီး တောဝယ်နနွင်းအစို တစ်တင်းလျှင် ၁၂,၅၀၀-၁၄,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီလ၊ ဒုတိယအပတ်မှစတင်၍ နနွင်းစျေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ်တွင် တောဝယ်နနွင်းတက်စို တစ်တင်းလျှင် ၁၁,၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ နနွင်းတက်အခြောက် တစ်ပိဿာလျှင် ၅,၅၀၀ ကျပ် ဖြင့်လည်းကောင်း၊ နနွင်းမှုန့် တစ်ဗူးလျှင် ၁,၀၀၀-၁,၂၀၀ ကျပ်ဖြင့်လည်းကောင်း စသည့်စျေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းများကို ပွဲစားများမှ အခင်းအရောက် လာရောက်ဝယ်ယူ၍ ရေနွေးဖျော အခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချသကဲ့သို့ အချို့ ပွဲစားများမှာလည်း နနွင်းတက်အခြောက်များကို သိုလှောင်ထားပြီး စျေးနှုန်းမြင့်တက်ချိန်မှသာလျှင် ရောင်းချကြကြောင်း၊ နနွင်းတက်များကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချ ကြကြောင်း သိရှိရသည်။
DOCA (မန္တလေး)