ပခုက္ကူခရိုင်၌ သကြားပြောင်းဖူး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နယ်နှင့် ကမ္မမြို့နယ်များ အတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သကြားပြောင်းဖူးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းဖူးမျိုးများကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး ဇွန်လတွင် စိုက်ပျိုး၍ စက်တင်ဘာလတွင် ထွက်ပေါ်ကြောင်း သိရသည်။

   စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး သကြားပြောင်း အဖူးရေ ၇၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးအရွယ်အစားနှင့် လတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းတစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၃၅၀-၅၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်း ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့တင်ပို့ ရောင်းချကြောင်း၊ ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိပြီး ဈေးကွက်ခိုင်မာ၍ ဈေးနှုန်းကောင်းမွန်သော သကြားပြောင်း သီးနှံကို ရာသီအလိုက်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)