မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာ၌ ဘူးပင်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ဘူးပင်    ၃ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
 

   ဘူးပင်ကို ဇွန်လလယ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုး အနေဖြင့် ဘူးလည်လှမျိုးနှင့် ဘူးရှည်မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁၈ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းတူး၍ အစေ့ချ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ဘူးသီး အလုံးရေ ၅,၀၀၀-၆,၀၀၀ ခန့် ထွက်ရှိကြောင်း၊  ဈေးနှုန်း အနေဖြင့် ဘူးသီးအလုံး အရွယ်အစားအပေါ် မူတည်၍ စက်တင်ဘာလ၊ တတိယပတ်တွင် ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀-၁,၀၀၀ နှုန်းဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မကွေးမြို့ပေါ်သို့ ပြန်လည် ရောင်းချကြကြောင်း၊ ဘူးသီးပင် စိုက်ပျိုးခြင်းသည် ဘူးသီးများသာမက ဘူးညွန့် (ဘူးရွက်) များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများ ရရှိပြီး ယခုနှစ်တွင် ဘူးသီးစျေးနှုန်း ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
 

DOCA (မကွေး)