အောင်လံမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဝါသီးနှံနှင့် ဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံ ၂၃,၂၇၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ဝါသီးနှံကို ဇူလိုင်လကုန်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ မျိုးများအနေဖြင့် ရွှေတောင် ၁၀၊ RAKA ၊ TBL195 ၊ B31 မျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ၇ ပိဿာခန့် ကုန်ကျပြီး စိုက်ပျိုးမှုအတွက် ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်ပျိုးစရိတ်၊ သွင်းအားစု အပါအဝင် စုစုပေါင်းငွေကျပ် ၆ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၅၀ မှ ၃၅၀ ပိဿာထွက်ရှိပြီး ဝါတစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ၆ သိန်းကျော် အမြတ်ရရှိကြောင်း၊ ယခုနှစ် အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ဝါတစ်ပိဿာ လျှင် ကျပ် ၃,၂၀၀-၃,၄၀၀၊ ဝါဂွမ်း တစ်ပိဿာလျှင် ကျပ် ၈,၀၀၀-၈,၅၀၀-၉,၀၀၀၊ ဝါစေ့ တစ်ပိဿာလျှင် ကျပ် ၁,၄၀၀-၁,၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံနှင့် ပုဂ္ဂလိကအထည်စက်ရုံများ သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံအပင်များ အသီးအပွင့်များ ပွင့်ဖူးအောင်မြင် ဖြစ်ထွန်း လျက်ရှိပြီး ရာသီဥတုကောင်းမွန်သောကြောင့် အထွက်နှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)