မကွေးမြို့နယ်၊ ပုထိုးစမ်းကျေးရွာတွင် ဆောင်းပဲတီစိမ်း စိုက်ပျိုးလျက်ရှိပြီး ဈေးကောင်းရရန်မျှော်လင့်

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများကို အဓိကစိုက်ပျိုးကြပြီး ပဲတီစိမ်းသီးနှံကို တောင်သူ ၅၀ ဦးမှ  စုစု‌ပေါင်း ၁၀၀၀ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ပဲတီစိမ်းသီးနှံကို အောက်တိုဘာလ၊ လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ် ဖယ်ချန်ထားသော ပဲတီစိမ်းမျိုးကိုအသုံးပြု၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၂ တင်းခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မြေပြုပြင်ခ၊ လုပ်သားခနှင့် သွင်းအားစုအပါအဝင် ငွေကျပ် ၃၀၀,၀၀၀ ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ်က ပဲတီစိမ်းတစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိပြီး တစ်တင်းလျှင် ကျပ် ၅၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၃၆၀,၀၀၀ ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

   အောက်တိုဘာလ၊ စတုတ္ထပတ် ဈေးနှုန်းအနေဖြင့် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၅,၀၀၀-၇၇,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကောင်းရရှိလျက်ရှိသောကြောင့် သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိရန် မျှော်လင့်လျက်ရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)