မကွေးမြို့နယ်တွင် ဖရဲသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကို လုပ်ကိုင်ကြပြီး ဖရဲသီးနှံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးနှံ ၁၀၀ ဧကကျော် စိုက်ပျိုးထားကြောင်း သိရသည်။

   ဖရဲသီးနှံကို ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဖရဲ-855 မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ဖရဲမျိုးစေ့ထုပ် ၄ ထုပ်ခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ တန်းကြား ၅ ပေ၊ ကျင်းကြား ၃ ပေခြား၍ မိုးရေသောက် စနစ်နှင့် မြေအောက်ရေတင်စနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၂ သိန်းကျော် ကုန်ကျ ကြောင်း၊ တစ်ဧကလျှင် ဖရဲသီးအလုံးရေ ၁၅၀၀-၂၀၀၀ ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဖရဲသီးတစ်လုံး လျှင် လက်ကားဈေး ငွေကျပ် ၂,၀၀၀-၂,၅၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ စကု၊ ရေနံချောင်းမြို့များအပြင် ရန်ကုန် မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ဖရဲသီးနှံပေါ်စအချိန်တွင် ဈေးကောင်းရ၍ အကျိုးအမြတ်များ ရရှိသည့်အတွက် ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)