မင်းဘူးမြို့နယ်တွင် ခရမ်းသီးဈေးကောင်းရ၍ တောင်သူများအကျိုးအမြတ်ရ

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျောက်တန်းကျေး ရွာတွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းသီးကို တစ်ရာသီလုံး မြေအောက်ရေတင်စနစ်ဖြင့် ၉ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

          ခရမ်းသီးကို စက်တင်ဘာလတွင် ပျိုးထောင်၍ စိုက်ပျိုးရပြီး  နိုဝင်ဘာလတွင် စတင်ထွက် ပေါ်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီး(အလုံးကြီး) မျိုးနှင့် ခရမ်းသီး(ဆင်စွယ်)မျိုးတို့ကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ၁၇ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို ပျိုးအိတ်ဖြင့် ပျိုးထောင်ပြီး ၁၅ ရက်သား သက်တမ်းအရွယ်တွင် အတန်းလိုက်စနစ်ဖြင့် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁,၄၀၀,၀၀၀ ကျပ် ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၁,၁၀၀-၁,၅၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ဒုတိယပတ်တွင် ခရမ်းသီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၁,၉၀၀,၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့် မကွေး၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များသို့ တင်ပို့ကြောင်း၊ ယခုရာသီတွင် မိုးများ၍ ခရမ်းသီးအထွက်နှုန်း အနည်း ငယ်လျော့နည်းသော်လည်း ဈေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်များရရှိ ကြောင်း သိရသည်။

DOCA (မကွေး)