အထက်မင်းလှမြို့နယ်၌ ပဲကြီးသီးနှံများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရွာတော်အုပ်စု၊ ရွာတော်ကျေးရွာ၌ ပဲစင်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့် နှမ်းတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းပဲကြီး သီးနှံကို တောင်သူ ၅၀ ဦးမှ စိုက်ဧကစုစုပေါင်း ၁၀၀ ခန့်  စိုက်ပျိုးထားကြောင်း သိရသည်။

ပဲကြီးသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊  မျိုးအနေဖြင့် ယခင်နှစ် ပဲကြီးစိုက်ခင်းမှ ထွက်ရှိသော မျိုးအဖြစ် ဖယ်ချန်ထားသည့် လက်ကျန်ပဲကြီး များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၈ ပြည်ခန့် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် သွင်းအားစု၊ ထွန်ယက်ခ၊ အလုပ်သမားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ပဲကြီး အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ၁၀ -၁၅ တင်းခန့်အထိထွက်ရှိကာ တစ်တင်းလျှင် အမြင့်ဆုံးဈေးနှုန်း ငွေကျပ် ၁၀၅,၀၀၀ အထိရရှိပြီး ငွေကျပ် ၇၅၀,၀၀၀-၁,၂၇၅,၀၀၀ ခန့် အမြတ်ရရှိ ခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ပဲကြီးသီးနှံများကို မင်းလှမြို့ပေါ်ရှိ ပွဲရုံများနှင့် ပဲကြော်ဖိုများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။ 

နိုဝင်ဘာလ၊ စတုတ္ထပတ်ဈေးနှုန်းအနေဖြင့် ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုနှစ်တွင် ပဲကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အတွက် သီးနှံပေါ်ချိန်တွင် အထွက်နှုန်းတိုးပြီး ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်ရရှိနိုင် ကြောင်း ပဲကြီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။ 

DOCA(မကွေး)