ပြည်မြို့နယ်တွင် သခွားသီးများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာတောင်ခွေးရဲကျေးရွာတွင် သခွားသီးနှံများကို မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သခွားသီးကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချရ ကြောင်း၊ မျိုးအနေဖြင့် သခွား- ၃၉၅ မျိုးကို စိုက်ပျိုးကြပြီး မျိုးစေ့ကို ပျိုးထောင်၍ ၂ ပတ်အကြာတွင် စိုက်ဘောင်၌ ပင်ကြားတန်းကြား ၂ ပေ၊ ၂ ပေခွဲခန့်ထား၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် သခွားသီး အနုအရင့်အပေါ်မူတည်၍ ၇ ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် သခွားသီး အလုံးရေ ၁၀,၀၀၀-၁၃,၀၀၀ ခန့်ထွက်ရှိကြောင်း၊ ယခုအချိန်တွင် သခွားသီးများ စတင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားဈေး သခွားသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀-၂၀၀ ဖြင့် ရောင်းချရသည့်အတွက် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများမှ သခွားစိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ပြည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် သခွားသီးဈေးနှုန်းများ ကောင်းမွန်သည့်အတွက် တောင်သူ များ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရသည်။
DOCA (ပဲခူး)