အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရ

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးကြရာ မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာများ၌ ခရမ်းချဉ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း သိရသည်။

         ခရမ်းချဉ်သီးနှံကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံစိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် ၂၅ ရက်သားအရွယ်တွင် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုး ပြီး ၃ လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ ခရမ်းချဉ်သီးနှံ စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၁၅၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် ခရမ်းချဉ်သီး အထွက် နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို ၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး နှစ်လခန့်ကြာသည်အထိ ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံတစ်ဧကလျှင် စုစုပေါင်းပိဿာချိန် ၅,၀၀၀-၆,၀၀၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများကွဲပြားမှုရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်သို့ရောင်းချပြီး ထိုမှတစ် ဆင့် မင်းလှမြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ မလွန်ဈေးနှင့် မန်းသံပုရာကန် ဈေးများသို့ ဖြန့်ဖြူးရောင်းချ ကြကြောင်း၊ ဆောင်းခရမ်းချဉ်သီးနှံမှာ မိုးခရမ်းချဉ်သီးနှံထက် ပိုမိုဖြစ်ထွန်းအောင်မြင်၍ အထွက်နှုန်း လည်း ပိုမိုထွက်ရှိရာ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။ 

DOCA(မကွေး)