အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာ၌ ကြက်သွန်နီသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် သီးနှံ မျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီသီးနှံ ကို ပန်းတော်ပြင်ကျေးရွာ၌ ၁၅ ဧက ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ကြက်သွန်နီသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန်တွင် တူးဖော်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ ဘောင်တင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးကြောင်း၊ ပင်စိုက်နှင့် ဥစိုက်ဟူ၍ စိုက်ပျိုးကြပြီး ဥစိုက်ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုး အနေဖြင့် ရွှေဖလားမျိုးကို ရေနံချောင်းမြို့မှ တစ်ပြည်လျှင် ငွေကျပ် ၁ သိန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုး ကြပြီး တစ်ဧကလျှင် မျိုး ၆ ပြည်ခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီ တစ်ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရေသွင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကြက်သွန်နီတစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုအချိန် တွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် တူးဖော်ရမည်ဖြစ် ၍ အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အမြတ်ရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)