မုံရွာမြို့ကုန်စည်ပြပွဲသို့ ကသာခရိုင်ဒေသထွက်ကုန်ပစ္စည်းများဝင်ရောက်ပြသ

   (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် မုံရွာ မြို့၊ မြို့တော်ခန်းမမှာကျင်းပပြုလုပ်တဲ့ ကုန်စည်ပြပွဲသို့ ကသာမြို့နယ်ထွက် မိုးတား လေးငါးချဉ်၊ အင်းတော်မှ တမလန်းနှင့် ပြုလုပ်ထားသည့် ပက်လက်ကုလားထိုင်၊ စားပွဲစသည့်လူသုံးကုန်ပစ္စည်းများ၊ ဝန်းသိုမှ ဝါးခမောက်၊ ကောလင်းမှ ရေစိမ် ခေါက်ဆွဲ၊ ဗန်းမောက်နှင့် ပင်လည်ဘူးမှ သဘာဝပျားရည်နှင့် ပန်းပုလုပ်ငန်းများဝင် ရောက်ပြသကြပါတယ်။

   ''ခုလို ဒေသထွက်ပစ္စည်းတွေကို နေရာဒေသအနှံ့အပြားကသိဖို့ဆိုတာ ကျွန်တော်တို့ အင်အားနဲ့တင် ဖြစ်မလာနိုင်ပါဘူး။ ဒီလိုတစ်ပေါင်းတည်း၊ တစ်စည်းတည်း၊ တစ်နေရာ ထဲမှာ ဒေသစုံကနေ ပစ္စည်းမျိုးစုံ ကြည့်ရှု ရောင်းချနိုင်ဖို့အတွက် ကုန်စည်ပြပွဲတွေကို ကျင်းပပြုလုပ်ပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အနေနဲ့ အများကြီးကျေးဇူးတင်ရမှာပါ။ အရင်တုန်းက ဒေသတွင်း နီးစပ်ရာလောက်တင် ရောင်းချရတာကို၊ ခုတော့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ တိုင်းပြင် ပဈေးကွက်ထိ မျှော်လင့်လို့ရသွားတာပေါ့ဗျာ၊ နောက်နောင်တွေမှာလည်း ဖိတ်ကြားပေးပါ၊ ဝင်ရောက်ပြသသွားမှာပါလို့''ပြပွဲတွင် ပါဝင်ပြသသူတစ်ဦးကပြောပြပါတယ်။

စွမ်းရည်-ကသာ