မြန်မာနိုင်ငံတွင် Sushi Boy က လုပ်ငန်းတိုးချဲ့၍ ဆိုင်ခွဲများဖွင့်လှစ်ရန်စီစဉ်

   ထိုင်းနိုင်ငံ၊  ဗန်ကောက်မြို့တွင် Sushi Boy ဟူသည့် ဂျပန်စားသောက်ဆိုင်များဖွင့်လှစ်၍အောင်မြင်မှုရရှိနေသည့် Sushi Boy Co., Ltd. ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ မစ္စတာ ခရစ္စဆာဒါဆာရာခွန်သည် မြန်မာနိုင်ငံ ၌လည်း လုပ်ငန်းများတိုးချဲ့လုပ်ကိုင်သွားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

   ''ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဂျပန်အစားအစာစားသောက် မှုနဲ့ပတ်သက်ပြီး မြန်မာလူမျိုးတွေအနေနဲ့ ဘယ်လောက်အထိ တောင်းဆိုမှုတွေရှိနေသလဲဆိုတာကို လေ့ လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲလုပ်ငန်းကို မြန်မာနိုင်ငံရဲ့ဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်သွားဖို့ရည်ရွယ်ထားပါတယ်။ နောက် သုံးနှစ်ကနေ   ငါးနှစ်အတွင်းမှာ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့မှာလည်း လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်''ဟု ခရစ္စဆာဒါဆာရာခွန်ကပြောကြားခဲ့သည်။

   ခရစ္စဆာဒါဆာရာခွန်ပိုင်ဆိုင်သည့် Sushi Boy ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က ဝင်ငွေ ဘတ်သန်းပေါင်း ၉၀ရှိခဲ့ပြီး ယခုနှစ်တွင် ဘတ်သန်းပေါင်း ၁၅၀ အထိရရှိရန် ရည်မှန်း ထားကြောင်းသိရသည်။

   ခရစ္စဆာဒါသည် ၂၀၀၉  ခုနှစ်တွင် ထိုင်းနိုင်ငံ၌ Sushi Boy အမှတ်တံဆိပ်ဖြင့် ပထမဦးဆုံးသော ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

   စတင်ဖွင့်လှစ်ခဲ့စဉ်က ပထမလအတွင်း ဘတ်နှစ်သိန်းဖိုးသာရောင်းချရခဲ့သည့်အတွက် အဆိုပါရောင်းချရငွေမှာ ဆိုင်ခန်းငှားရမ်းခနှင့် လစာငွေပေးချေရန်အတွက် လောက်ငှ ရုံသာရှိခဲ့ ပြီး အမြတ်အစွန်းအနည်းငယ်သာရရှိခဲ့သည်ဟုဆိုသည်။

   ယခုအခါ     ခရစ္စဆာဒါသည် မြို့တော်ဗန်ကောက်တွင် ဆိုင်ခွဲပေါင်း ၁၀ ဆိုင်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ၂၀၁၃   ခုနှစ်အတွင်းက ရင်းနှီးငွေပေါင်း ဘတ်တစ်သန်းဖြင့် Tatumi Food (Thailand) ကို တည်ထောင်ခဲ့သည်။

   Tatumi Food (Thailand) သည် ဗန်ကောက်မြို့ရှိ ဆိုင်ခွဲ ၁၀ ခုအတွက် ဂျပန်အစားအစာများကို ထုတ် လုပ်ပေးသောကုမ္ပဏီဖြစ်ပြီး ကိုယ်ပိုင်စားဖိုမှူးမရှိသော အခြား စားသောက်ဆိုင်များသို့လည်းရောင်းချပေးသည့် လုပ်ငန်းဖြစ်ကြောင်းသိရသည်။

မယ်သီတာ