အင်ဒီ-မြန်မာ စက်မှုကုန်စည်ပြပွဲ (၂၀၁၅) မန္တလေးမြို့တွင် ကျင်းပ

   အင်ဒီ-မြန်မာ စက်မှုကုန်စည်ပြပွဲ (၂၀၁၅) ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ရက်အထိ မန္တလေးမြို့တော်ခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr.Gautan Mukhopada phya တို့ တက်ရောက် အားပေးပြီး ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

   အင်ဒီ-မြန်မာ(၂၀၁၅)ကုန်စည်ပြပွဲတွင် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ စားသောက်ကုန်လုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ တူးဖော်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း၊ အင်ဂျင်မီးစက်များ၊ ပုံလောင်းနှင့် အရည်ကြိုလုပ်ငန်းသုံးပစ္စည်းများ၊ ပန့်များ၊ ထွန်စက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ၊ သံနှင့် စတီးပစ္စည်းများ၊ ကုန်တင်ယာဉ်များ၊ ဆေးဝါးထုတ်လုပ်ရေးစက်များ၊ဘီစကစ်၊ ခေါက်ဆွဲထုတ်စက်များ၊ အချိုရည်ထုတ်စက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက် ဘီးဆိုင်ကယ်များ၊ စက်ပစ္စည်းများအား အိန္ဒိယကုမ္ပဏီ ၇၀ ကျော်မှလာရောက်ပြသရောင်းချပေးသည်။ ထို့ပြင် မြန်မာနိုင်ငံအထက်ပိုင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံ၍ အိန္ဒိယပို့ကုန်/သွင်းကုန်လုပ်ငန်းများကိုလည်း အိန္ဒိယအနောက်မြောက်ပြည်နယ် စက်မှုလက်မှုနှင့်ကုန်သည်ကြီးများအသင်းက မိတ်ဆက်ရှင်းလင်းပြော ကြားသည်။

   မြန်မာ-အိန္ဒိယနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် စာရင်းများအရ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂ ဒသမ ၁ ဘီလီယံ ခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၃ ဘီလီယံကျော်ကုန်သွယ်ရန်မျှော်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်ကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ပြီး မန္တလေး-အင်ဖာ ဘတ်စ်ကားပြေး ဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)