အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံဈေး ၁၀ - ၁၅ ရာခိုင်နှုန်းမြင့်တက်မည်ဟု ခန့်မှန်း

အိန္ဒိယနိုင်ငံတွင်းရှိ လက်ကားဈေးကွက်အချို့မှာ လာမယ့်သုံးလပတ်အတွင်း ပဲစင်းငုံဈေး ၁၀-၁၅ ရာခိုင်နှုန်း ကြားမြင့်တက်ပြီး တစ်တန် ရူပီး ၄၅၀၀၀-၅၀၀၀၀ အထိမြင့်တက်လာနိုင်ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးထွက်ရှိတဲ့ ပြည်နယ်များမှာ မိုးခေါင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ပဲစင်းငုံအထွက်လျော့ကျပြီး ဈေးတက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲစင်းငုံအများဆုံးထွက်ရှိတဲ့ မဟာရာရှတ္တရာ၊ ကာနာတာကာနဲ့ အန္ဒရာပရာဒေ့ရှ်ပြည်နယ်များမှာ ၂၀၁၂  ခုနှစ်က မိုးရာသီကာလမှာ မိုးခေါင်ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ရာ ပဲစင်းငုံအထွက် ၃၀ မှ ၄၀ ရာခိုင်နှုန်းကြား ကျဆင်းခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က တစ်တန်ကို ၃၀၀၀၀-၃၂၀၀၀ ရူပီးကြား ရှိခဲ့တဲ့ ပဲစင်းငုံဈေးဟာ ယခုအခါ ၃၀-၃၅ ရာခိုင်နှုန်းထိမြင့်တက်လျက် ရှိပါတယ်။ ရာသီအစ ဒီဇင်ဘာလမှစပြီး ပဲစင်းငုံဈေးမှာ နေ့စဉ်မြင့် တက်လျက်ရှိပါတယ်။ ကာနာတာကာပြည်နယ်ရဲ့ ရာသီအစပဲစင်းငုံဈေးဟာ တစ်တန် ရူပီး ၃၇၀၀၀ ဝန်းကျင်ရှိပြီး လွန်ခဲ့တဲ့သီတင်းပတ်က တစ်တန်ကို ရူပီး ၄၂၀၀၀ ထိမြင့်တက်ခဲ့ပါတယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံတစ်ကွမ် တယ်ကို ရူပီး ၃၈၅၀ အထက် သတ်မှတ်ခဲ့ပြီး ပြည်နယ်အစိုးရမှ တစ်တန်ကို ရူပီး ၆၅၀ ထပ်မံပိုပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ဈေးကွက်အတွင်း ပဲစင်းငုံဈေးများ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ကာနာတာကာပြည်နယ်ရဲ့ ပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ဂူလ်ဘာဂမြို့မှာလည်း မိုးခေါင်မှုကြောင့် ပဲစင်းငုံ အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး တန်ချိန် ၁၈၀၀၀၀ သာထွက်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်အထွက်နှုန်းကို ၃၅၅၀၀၀ တန်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ မဟာရာရှတ္တရာပြည်နယ်မှာလည်း မိုးခေါင်တဲ့အခြေအနေဖြစ်ပေါ်လျက်ရှိပါတယ်။ မိုးခေါင်ရေရှားခဲ့မှု ကြောင့်ပြည်နယ်တွင်း ပဲစင်းငုံအထွက်မှာ ၃၀ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။ တစ်နိုင်ငံလုံးပဲစင်းငုံအထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၂ ဒသမ ၃ သန်းရှိရာ ပုံမှန် ထွက်ရှိနေကျအောက် ၁၅ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းပါတယ်။
နှင်းပန်းဖြူ