အထက်မင်းလှမြို့နယ်အတွင်း မိုးနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာတွင် ဆီထွက် သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး မိုးနေကြာသီးနှံ ဧက ၃၀ ခန့် စိုက်ပျိုးထားရှိရာ စက်တင်ဘာလ၊ ပထမပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

   နေကြာသီးနှံကို မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး မျိုးအနေဖြင့် ဆင်းရွှေကြာ -၂ မျိုးကို စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် နေကြာမျိုးစေ့ ၂ ပြည်ခန့် စိုက်ပျိုးရပြီး စိုက်ပျိုးထုတ်လုပ်မှု အတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၂၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ၁၀-၁၃ တင်းခန့် ထွက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် အထွက်နှုန်းလျော့နည်းကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာသီးနှံ တစ်တင်းလျှင် ငွေကျပ် ၇၀,၀၀၀ ဖြင့် ရောင်းချရ၍ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင်ငွေကျပ် ၆ သိန်းကျော်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိဆီစက်လုပ်ငန်းရှင် များမှဝယ်ယူမှုများအပြင် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် မိုးနေကြာသီးနှံ အထွက်နှုန်းလျော့ နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်များရရှိ ကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)