ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေသီးနှံ ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် စပါး၊ နှမ်း၊ ပဲမျိုးစုံ၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်အပြင် ဥယျာဉ်ခြံမြေ သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ပွင့်ဖြူမြို့နယ်တွင် ငှက်ပျောစိုက်ဧက ၁၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ငှက်ပျောသီးနှံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးပြီး တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အများဆုံး စိုက်ပျိုးကြပြီး ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောမျိုးများလည်း စိုက်ပျိုးကြောင်း၊ ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောသားတက်များကို တူးယူ၍ ၃-၄ ရက်ခန့် အခြောက်ခံကာ စိုက်ပျိုး ရပြီး တစ်ဧကလျှင် ငှက်ပျောသားတက် ၇၀၀-၈၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု အတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ငှက်ပျောသားတက် ရှင်းလင်းခြင်းအပါအဝင် တစ်ဧကလျှင် ငွေကျပ်သိန်း ၄၀ ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင် ၁၃၀၀-၁၄၀၀ ခန့် ထွက်ရှိကာ တစ်ခိုင်လျှင် ရောင်းတန်းဝင် ငှက်ပျောဖီး ၄-၅ ဖီးခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ၊ ဒုတိယပတ်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် လက်ကားဈေး ငွေကျပ် ၁,၅၀၀-၁,၈၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၃၈ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မကွေး၊ မင်းဘူး၊ ချောက်၊ ရေနံချောင်းနှင့် ကျောက်ပန်းတောင်းမြို့တို့သို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုနှစ်တွင် ငှက်ပျောသီးဈေးကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုး အမြတ်များရရှိကာ တွက်ခြေကိုက်ကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)