“ကမ္ဘာ့ကုန်သွယ်မှုအစီရင်ခံစာ - ၂၀၂၄” က အားလုံးပါဝင်နိုင်ရေး (inclusiveness) အတွက် ကုန်သွယ်မှု၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် “ ကမ္ဘာ့ကုန်သွယ်မှုအစီရင်ခံစာ - ၂၀၂၄” တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကတည်းက ကုန်သွယ်မှုသည် နိုင်ငံများအကြား ဝင်ငွေကွာဟမှုကျဉ်းမြောင်းရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ခိုင်မာသောသက်သေများဖြင့် ဖော်ပြထားပါသည်။ ထို့ပြင် ကုန်သွယ်မှုမှရရှိသော အကျိုးအမြတ်များအား ခွဲဝေမှုနှင့်လွတ်လပ်စွာ ကုန်သွယ်နိုင်ရေး အထောက်အကူပြုပြည်တွင်း မူဝါဒများပါဝင်သည့် မဟာဗျူဟာများချမှတ်ရန် နိုင်ငံများ၌ လိုအပ်နေကြောင်း အလေးအနက်ထား ဖော်ပြခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၏ ဉယျောဇဉ်တွင် ကုန်သွယ်မှုသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကြွယ်ဝချမ်းသာမှု မျှဝေရေးအတွက် အသွင်ကူးပြောင်းပေးသည့် အခန်းကဏ္ဍတွင် ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း နောက်ကျန်ခဲ့သည့်နိုင်ငံများနှင့် လူများအား ပိုမိုကောင်းမွန်စေရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကုန်သွယ်မှုတို့က ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများစွာရှိကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာ့စီးပွားရေးတွင် နိုင်ငံတကာကုန်သွယ်မှု၏ ပါဝင်မှုကို စိစစ်ကြည့်ရာ နိုင်ငံများအကြား ဝင်ငွေမညီမျှမှုနှင့် ကုန်သွယ်မှုတွင် ပါဝင်မှုသည် ခိုင်မာစွာဆက်စပ်နေကြောင်း အစီရင်ခံစာက ဖော်ပြထား သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း GDP ၌ ကုန်သွယ်မှု ပါဝင်နှုန်း မြင့်မားခြင်းသည် ဝင်ငွေနည်း (low income) နှင့် အလယ်အလတ်ဝင်ငွေ (middle income) နိုင်ငံများ၌ တိုးတက်မှုမြန်ဆန်ခြင်းနှင့် ဆက် စပ်နေပြီး ဝင်ငွေမြင့်မားသောနိုင်ငံများ၏ တစ်ဦးကျ GDP တွင် ပါဝင်ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ၎င်း၏ ကနဦးအဖွဲ့ဖြစ်သည့် အကောက်ခွန်နှင့်ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT) အဖွဲ့ဝင်များ၏ ကုန်သွယ်မှုသည် ပျမ်းမျှ ၁၄၀ % အထိ တိုးတက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်ရန် ညှိနှိုင်းနေသည့် နိုင်ငံများသည် ညှိနှိုင်းဆဲကာလ၌ပင်  ကုန်သွယ်မှု ၁.၅ %  တိုးတက်ခဲ့ပါသည်။

ဆက်လက်၍ ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ကုန်သွယ်မှုကုန်ကျစရိတ်သည် ၂၀% မှ ၃၅ % အထိ လျော့ကျခဲ့ပြီး ဝင်ငွေနည်း နှင့် အလယ်အလတ်ဝင်ငွေ နိုင်ငံများ၏ဝင်ငွေသည် ဝင်ငွေမြင့်မားသော နိုင်ငံများ၏ဝင်ငွေနှင့်ပေါင်းစပ်သွားခြင်းကြောင့်ဖြစ်ကြောင်း ဆန်းစစ်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၏ ဝင်ငွေမမျှတမှုညွှန်ကိန်းဂီနီ (Gini Income Inequality Index) အရ လွတ်လပ်စွာ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ပြည်တွင်းဝင်ငွေမမျှတမှုတို့အကြား ဆက်စပ်မှုမှာ အားနည်းသလို ဝင်ငွေမညီမျှမှုမြင့်မားခြင်းသည် ကုန်သွယ်မှုနှင့် သွင်းကုန်ဆိုင်ရာယှဉ်ပြိုင်နိုင်မှုတို့ အကြား စနစ်တကျဆက်စပ်ခြင်းလည်း မရှိကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်မှုတွင် ပါဝင်မှုအားနည်းပြီး ကုန်စည်အပေါ် မှီခိုမှုမြင့်မားသောနိုင်ငံများမှာ နောက်ကျ ကျန်နေခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိနိုင်ငံ များသည် ကမ္ဘာ့လူဦးရေ၏ ၁၃ % ဖြစ်ပြီး အဓိကအားဖြင့် အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ အလယ်ပိုင်းဒေသများမှ ဖြစ်ကြောင်း၊ ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများသည် နိုင်ငံတကာကုန်သွယ်မှုတွင် ပါဝင်မှုနည်းခြင်း၊ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်း၊ ကုန်စည်များအပေါ် မှီခိုမှုများခြင်း၊ ရှုပ်ထွေးမှုနည်းသော ထုတ်ကုန်များသာ တင်ပို့ခြင်းနှင့် ကုန်သွယ်ဖက်နိုင်ငံနည်းပါးခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ စီးပွားရေးပညာရှင်တစ်ဦးက ကုန်သွယ်မှုနည်းပါးခြင်းသည် အားလုံးပါဝင် နိုင်မှုကို မြှင့်တင်မည်မဟုတ်သလို တစ်နိုင်ငံတည်းလည်း ကုန်သွယ်မှုပြု၍ မရကြောင်း၊ စစ်မှန်သော အလုံးစုံပါဝင်မှုတွင် ကုန်သွယ်မှု လွတ်လပ်စွာဆောင်ရွက်နိုင်ရေး အထောက်အကူပြု ပြည်တွင်းမူဝါဒ များ ပါဝင်သည့် မဟာဗျူဟာ၊ သွက်လက်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

အစီရင်ခံစာက အလုံးစုံပါဝင်သောမဟာဗျူဟာတွင် သက်မွေးဝမ်းကျောင်းသင်တန်းများ၊ အလုပ် လက်မဲ့အကျိုးခံစားခွင့်များ၊ အရည်အသွေးပိုမိုပြည့်ဝပြီး ရွှေ့လျားလုပ်သားများ ပိုမိုရရှိနိုင်ရေး ပညာ ရေးအစီအစဉ်များ၊ သက်သာသောစျေးနှုန်းမှ စားသုံးသူများ အကျိုးအမြတ်ရရှိစေရန် ယှဉ်ပြိုင်မှုမူဝါဒ၊ ယုံကြည်စိတ်ချရသော အခြေခံအဆောက်အဦ၊ ကောင်းမွန်စွာလည်ပတ်သော ငွေကြေးဈေးကွက် စသည်တို့ ထည့်သွင်းသင့်ကြောင်း၊ ကုန်သွယ်မှုကုန်ကျစရိတ်လျှော့ချခြင်း၊ ဒီဂျစ်တယ်ကွာဟမှုကို ပေါင်းကူးခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအား တဖြည်းဖြည်းချင်း ပိုမိုအရေးပါလာ သော ဝန်ဆောင်မှု၊ ဒီဂျစ်တယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (အစိမ်းရောင်) ကုန်သွယ်မှု ကဏ္ဍများ နှင့်ကိုက်ညီစေရန် ပြင်ဆင်ခြင်း၊ အနာဂတ်ကုန်သွယ်မှုတွင် ပေါ်ပေါက်လာနိုင်သည့် စိန်ခေါ်မှုများအား နိုင်ငံတကာကုန်သွယ်မှု ကိုင်တွယ်ဖြေရှင်းခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ခြင်း ကုန်သွယ်မှုမူဝါဒနှင့် အထောက်အပံ့ပေးသည့် မူဝါဒများကြား ပိုမိုအားကောင်းစေပြီး နိုင်ငံအလိုက်နှင့် နိုင်ငံများအကြား စီးပွားရေးပိုမိုကောင်းမွန်ကာ ဖွံ့ဖြိုးတိုးတက်မှုတွင် အားလုံးပါဝင် နိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

ရင်းမြစ်၊         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့