အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကျင်းပခဲ့ခြင်း

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တွဲဖက်အတွင်းဝန် Sh. Siddharth Mahajan တို့က ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင်ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာများသုံးသပ်ခြင်း၊ အထည်အလိပ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်မှုကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ အပင်ပိုးမွှားများ စစ်ဆေးခြင်းကဏ္ဍ၊ ပင်လယ်ရေကြောင်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းကဏ္ဍ၊ 5G ဆက်သွယ်ရေးကဏ္ဍများ တွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာစေရေးနှင့် ယင်းကဏ္ဍများတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအကူအညီပေးခြင်းများ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုအချက် အလက်များအား ပုံမှန်ဖလှယ်မည့်ကိစ္စ၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အား အိန္ဒိယနိုင်ငံဘက်မှ သုံးသပ်နေသည့်ကိစ္စအပေါ် မြန်မာနိုင်ငံဘက်မှ အခြားအာဆီယံနိုင်ငံများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ စက်သုံးဆီ၊ နေကြာစေ့၊ ဝါစေ့များကို အိန္ဒိယရူပီးနှင့်တင်သွင်းနိုင်ရေးနှင့် မြန်မာပဲများကို အိန္ဒိယရူပီးနှင့် တင်ပို့နိုင်ရေးတို့ကို နှစ်ဘက်အပြန်အလှန် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး ကဏ္ဍမျိုးစုံတွင်နှစ်ဖက်ပူးပေါင်းခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။