ရွှေတောင်မြို့နယ်တွင် ဂန္ဓမာပန်း (အဝါကြီး) စိုက်ပျိုးဖြစ်ထွန်း၍ ဈေးကောင်းရ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တောင်လုံးညိုကျေးရွာတွင် အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံ အနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိုးကာ မြေအကျယ်အဝန်း ပေ ၄၀ ပတ်လည်တွင် အပင်အ‌ရေအတွက် ၅,၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုးပြီး ၄ လအကြာ အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချ ကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း (အဝါကြီး) မျိုးကို ယခင်နှစ်က စိုက်ပျိုးထားသည့် အညွန့်ကို ဖြတ်၍ လည်းကောင်း၊ ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍လည်းကောင်း၊ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို  ၅ ရက် - ၇ ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေး ဖျန်းပေးရ ကြောင်း၊ ဂန္ဓမာပန်း စိုက်ပျိုးမှုအတွက် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်း ခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း (အဝါကြီး) အရောင်းအဝယ်ဖြစ်သည့် ဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၅၀၀ ကျပ် ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်း ၆ ပွင့်-၇ ပွင့်ပါ တစ်စည်းလျှင် ၉၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကိုင်းအသေးတစ်စည်းလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြုစုပျိုးထောင်မှုကောင်းမွန်လျှင် မျိုးဆက်သုံးကြိမ်အထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နှုန်း နည်းပါးသွား၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ဂန္ဓမာပန်း ၅၀၀၀ ပင် စိုက်ပျိုးလျှင် ငွေကျပ် ၂၀ သိန်းခန့်ရရှိကြောင်း၊ ရွှေတောင်ဒေသထွက် ဂန္ဓမာပန်း(အဝါကြီး)များကို ကြို့ပင်ကောက်၊ ပေါင်းတည်၊ ဇီးကုန်း၊ ပြည်နှင့် ဥသျှစ်ပင်မှ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ပန်းဈေးကွက် များသို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

DOCA(ပဲခူး)