အာဆီယံနှင့် အမေရိကန်ပြည်ထောင်စု တီထွင်မှုနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ရုံးတို့မှ ပူးပေါင်းကျင်းပသော ကုန်သွယ်မှုလျှို့ဝှက်ချက်များနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ နိုဝင်ဘာလ ၁၃
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “ကုန်သွယ်မှုလျှို့ဝှက်ချက်များနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးခြင်းနှင့် အရေးယူဆောင် ရွက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်များအား ကာကွယ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ မူဝါဒများကို သိရှိစေရန်၊ အာဆယံအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပနိုင်ငံ များအကြား ကုန်သွယ်မှုလျှို့ဝှက်ချက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းစဉ်များ၊ လက်ရှိကမ္ဘာ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်များနှင့်သက်ဆိုင်သော case များနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု တီထွင်မှုနှင့်ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ရုံး (USPTO) မှ ကျွမ်းကျင်ပညာရှင်များက ကုန်သွယ်မှလျှို့ဝှက်ချက်ဆိုင်ရာ အကာအကွယ်ပေးခြင်းနှင့်အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ မူဝါဒပိုင်းဆိုင်ရာများ၊ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများ၊ ကုန်သွယ်မှုလျှို့ဝှက်ချက်ခိုးယူမှုများအပေါ် စုံစမ်းစစ်ဆေးခြင်းများ၊ တရားစွဲဆိုခြင်းများ၊ ပြစ်မှုကြောင်း အရတာဝန်ရှိမှုနှင့် ပြစ်ဒဏ်များအစရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ Case Study များဖြင့် ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကလည်း Case Study များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။