ကျိုက်ထိုမြို့နယ်တွင် ကွမ်းပင် စိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိကျိုက်ကသာ၊ မလော့ချောင်၊ စွပ္ပနူး၊ ခလွန်ကျေးရွာရှိ တောင်သူများမှာ ကွမ်းပင်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး စိုက်ဧကပေါင်း ၅၅၀ ဧကခန့် စိုက်ပျိုးထား ကြောင်း သိရသည်။
ကွမ်းပင်ကို မိုးဦးရာသီ မေလတွင် စတင်စိုက်ပျိုးကြပြီး မြောင်းဘောင်များ ပြုလုပ်၍ မြောင်းဘောင် များကို အကွာအဝေး ၃ ပေခြား၍ စိုက်ပျိုးရကြောင်း၊ ကွမ်းတိုင်များအဖြစ် ဝါးတိုင်များကိုသာ အသုံးပြု ကြကြောင်း၊ ကွမ်းပင်မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို စိုက်ပျိုးကြပြီး ကွမ်းညွန့် တစ်ညွန့်လျှင် ၃၀၀-၃၅၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း ၉၀-၁၅၀ ရောက်ချိန်တွင် စတင်ဆွတ်ခူးနိုင်ပြီး ၁၅ ရက်တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် တစ်ဧက အထွက်နှုန်းအနေဖြင့် ပိဿာ ၈၀ ခန့် အထိ ထွက်ရှိကြောင်း၊ ကွမ်းမျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ ၂ နှစ် မှ ၃ နှစ်အထိ ခူးဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ကွမ်းပင်မျိုး(ကွမ်းညွန့်)၊ ဝါး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၀ - ၇၅ သိန်းခန့် ကုန်ကျကြောင်း၊ ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ယာကွမ်း ရွက် လက်ကားစျေးနှုန်း တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်နှင့် ရောကွမ်းရွက်လက်ကားဈေးနှုန်း တစ်ပိဿာ လျှင် ၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် တစ်နှစ်လျှင် ငွေကျပ် ၅၀-၆၀ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကွမ်းများကို ကျိုက်ထိုမြို့နယ်အတွင်း ရောင်းချသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များသို့ တင်ပို့ ရောင်းချကြောင်း၊ ကွမ်းပင်သည် နှစ်ရှည်သီးနှံဖြစ်ပြီး အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများ အနေဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
DOCA (မွန်)