အထက်မင်းလှမြို့နယ်တွင် ဆောင်းကြက်သွန်နီ(ပျိုးပင်စိုက်)များ စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုတွင် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မယ်ဇလီတောကျေးရွာ၌ ဆောင်းကြက်သွန်နီ (ပျိုးပင်စိုက်)ကို တောင်သူ ၃၁ ဦးမှ ဧက ၅၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ကြက်သွန်နီကို နိုဝင်ဘာလ၊ တတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ တတိယပတ် တွင် တူးဖော်ရိတ်သိမ်းရကြောင်း၊ ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုတွင် ရေသွင်းဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ကြက်သွန်နီပျိုးပင်ကို ရေနံချောင်းမြို့မှ အပင်ရေ ၅၀၀ ပါ တစ်ထုံး လျှင် ငွေကျပ် ၁၅,၀၀၀ ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင် ပျိုးပင်အထုံးရေ ၉၀၀ ခန့် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုး၊ လုပ်သားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၃၂ သိန်းခန့်သာ ကုန်ကျခဲ့ပြီး တစ်ဧကလျှင် ပိဿာချိန် ၄,၅၀၀ ထွက်ရှိကာ ကြက်သွန်နီဥ အကြီး၊ အသေးအပေါ်မူတည်၍ တစ်ပိဿာ ငွေကျပ် ၂,၈၀၀-၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ငွေကျပ် ၉၅ သိန်းခန့် အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း သိရသည်။
ဒီဇင်ဘာလ၊ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃,၅၀၀-၄,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ၍ ယခုနှစ်တွင်လည်း ယခင်နှစ်နည်းတူ အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း ကြက်သွန်နီ(ပျိုးပင်စိုက်) တောင်သူ တစ်ဦးထံမှ သိရှိရသည်။
DOCA (မကွေး)