မတ္တရာပဲ (ခေါ်) ပဲစိမ်းများ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေ

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ငရုတ်၊ ကြက်သွန်စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိပြီး အုန်းခရိုင်ရွာ၊ စိုင်မလန်းရွာနှင့် ကိုးပင်ရွာများတွင် မတ္တရာပဲ(ခေါ်)ပဲစိမ်းကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မတ္တရာပဲ(ခေါ်)ပဲစိမ်းကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မတ္တရာပဲ(ခေါ်)ပဲစိမ်း စိုက်ပျိုးမှုတွင် မျိုးအနေဖြင့် တစ်ဧကလျှင် ၂ ပြည်ခန့် စိုက်ပျိုးရပြီး တစ်ပြည် လျှင် ၁၃,၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပဲစတင်ထွက်ပေါ်ချိန်တွင် တစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး ၃ လအကြာထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် အခွံခွာပြီး ပဲ ၃-၄ တင်းခန့်ရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ ဝါးဖိုး အပါအဝင် ငွေကျပ် ၅၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ မတ္တရာပဲ(ခေါ်)ပဲစိမ်းအစို လက်ကားဈေးနှုန်း တစ်တင်း လျှင် ၇၂,၀၀၀ ကျပ်နှင့် လက်လီဈေးနှုန်း ၉၆,၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂,၀၀၀,၀၀၀ ကျော် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မတ္တရာပဲကို ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြသည့်အပြင် သီးနှံပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး မတ္တရာပဲ(ခေါ်)ပဲစိမ်းများ ဈေးနှုန်းကောင်းမွန်လျက်ရှိ သောကြောင့် တောင်သူများ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)