မြစ်သားမြို့နယ်တွင် ပဲယင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပဲကြီး၊ တိုင်ထောင်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်း ငုံ၊ ပဲယင်းသီးနှံစသည့် ပဲမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ပဲယင်းသီးနှံကို ပခမ်း၊ ကျီတိုင်၊ နွားကူးလေးနှင့် ခင်လည်ကျေးရွာများ၌ ၅၁၈ ဧကခန့် စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲယင်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လအကြာတွင် ရိတ်သိမ်း ရကြောင်း၊ ပဲယင်းသီးနှံမျိုးအနေဖြင့် ပဲယင်းကြီးမျိုးနှင့် ပဲယင်းသေးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးတစ်ပြည်ကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်ထိုး၍ မျိုးစေ့ကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၂၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧက လျှင် ၂၅-၃၀ တင်းခန့်ထွက်ရှိပြီး ပဲယင်းတစ်တင်းလျှင် ငွေကျပ် ၄၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ရာ ငွေကျပ် ၁၀ သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် ပဲယင်းတစ်တင်းလျှင် ငွေကျပ် ၉၀,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မြစ်သားမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ပဲယင်းသီးနှံစိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များရရှိနိုင်မည် ဖြစ်ကြောင်း၊ ပဲယင်းသီးနှံမှာ စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် ပဲယင်းသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)