အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာတွင် ကြက်သွန်နီ၊ ဝါ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံတို့ကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မေမြို့ပန်းကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာ၌ မေမြို့ပန်းကို ဒီဇင်ဘာလ၊ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး အပင် သက်တမ်းနှစ်လအကြာတွင် မေမြို့ပန်းပင်များကို နှုတ်ယူ၍ ရောင်းချရကြောင်း၊ မျိုးအနေဖြင့် မေမြို့ ပန်း အဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးထောင်၍ ပျိုးပင် သက်တမ်း ၄၅ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ ရေသွင်းခ၊ ပေါင်းသတ်ဆေးနှင့် အခြားသွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၄ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မေမြို့ပန်း တစ်ဧကလျှင် အပင်ရေ ၆၅,၀၀၀-၇၀,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး မေမြို့ပန်းတစ်ပင်လျှင် လက်ကားဈေးနှုန်း ငွေကျပ် ၃၀-၄၀ ဖြင့် ရောင်းချ ရ၍ ငွေကျပ် ၁၁ သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက် မင်းလှမြို့နယ်ရှိမလွန်ဈေးနှင့် မန်းသံပုရာကန် ရေနံချက်စက်ရုံဈေးများသို့ တင်ပို့ရောင်းချကြကြောင်း၊ မေမြို့ပန်းများ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း မေမြို့ပန်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)