ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ဆီ၊ဆားစသည့် ကုန်မျိုးစုံများအား သက်သာသောဈေးနှုန်းဖြင့် ဆယ့်တစ်ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဧပြီ ၉ 

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၉ ရက်နေ့ တွင် ဆယ့်တစ်ရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရှိရ ပါသည်။

   ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ဆံ့(မနောသုခ-Export Quality) ၇၈၇၅ အိတ်၊ ဆန် ၅ ပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) ၁,၇၀၀ အိတ်၊ ဆီ ၁၇,၃၅၀ ပိဿာ၊ ဆား ၅၀ ကျပ်သားပါ အိတ် ၁,၇၀၀၊ ဆား ၂၅ ကျပ်သားပါအိတ် ၃,၃၂၁၊ ငါးပိ ၂၀ ကျပ်သားပါဘူး ၁,၀၄၀၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၃,၉၀၀၊ ခေါက်ဆွဲခြောက်အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချ ပေးမည် ဖြစ်သည်။ 

   အလားတူ မန္တလေးမြို့တွင် ဈေးကား ၄ စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၃၁၇ အိတ်၊ စားအုန်းဆီ ၂၂,၀၀၀  ပိဿာ၊ ခေါက်ဆွဲခြောက် အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ‌ဈေးကားလေးစီးဖြင့် ရောင်းချပေး လျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (‌ရွှေဝါထွန်း) ၂၀၀ အိတ် ၊ စားအုန်းဆီ ၃,၀၀၄ ပိဿာ၊ ကြက်ဥ ၄,၃၆၀ လုံး၊ ကြက်သွန်နီ ၄၅၀ ပိဿာ၊ အသားတု ၁၅ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။