ပို့ကုန်သွင်းကုန်အချိုးညီမှသာ ရေရှည်မှာ စီးပွားရေးကောင်းမွန်နိုင်

 

      ပို့ကုန် သွင်းကုန်အချိုးဟန်ချက်ညီမျှရန် လိုအပ်ကြောင်း၊ ပို့ကုန်သွင်းကုန်အချိုးမညီပါက ကုန်သွယ်မှု လိုငွေပြမည်ဖြစ်ပြီး ရေရှည်မှာ စီးပွားရေးထိခိုက်မှုဖြစ်လာနိုင်ကြောင်း၊ ဇန်နဝါရီလ ၂၆ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးဦးမြင့်ကျော်က ပြောကြားလိုက်ပါတယ်။ မြဝတီရဲ့ ကုန်သွယ်မှုပမာဏ ကို လေ့လာကြည့်လျှင် ပို့ကုန်သွင်းကုန်အချိုးများစွာ ကွာဟနေကြောင်း၊ လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှု ကိုကြည့်လျှင် ပို့ကုန် ၂၈ ရာခိုင်နှုန်း၊ သွင်းကုန် ၇၈ ရာခိုင်နှုန်းရှိနေပါကြောင်း၊ သွင်းကုန်ပိုင်း တဖြည်းဖြည်း တိုးတက်လာသော်လည်း ပို့ကုန်ပိုင်း ကျဆင်း နေတာ တွေ့နေရကြောင်း၊ ပို့ကုန်ပမာဏ သိသိသာသာလျော့ကျ နေတာကို အချိန်မီ ကုစားနိုင်ရေး ဝိုင်းဝန်းစဉ်းစား အကြံပြုကြ ရန် လိုအပ်နေပြီဖြစ်ကြောင်း၊  ယခင်ပို့ကုန် ရငွေ Earning ရှိမှ  သွင်းကုန်ဆောင်ရွက်ခွင့် ရှိခဲ့ချိန်က ပို့ကုန်ပမာဏ တန်ဖိုးမြင့်မားခဲ့သော်လည်း ထိုစနစ်ဖျက်သိမ်းပြီး နောက်ပိုင်း ပို့ကုန်တန်ဖိုးတဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရှိရကြောင်း၊ သွင်းကုန်တင်သွင်းနိုင်သလို ပို့ကုန်ပိုင်းလည်း များများတင်ပို့နိုင်ရေး End User အထိနဲ့ ချိတ်ဆက်ရန် လိုအပ်မည်ဖြစ်ကြောင်း စခန်းတာဝန်ခံက ရှင်းလင်းအသိပေး ပြောကြားခဲ့ ပါတယ်။

 တရုတ်နယ်စပ်မှာဆိုလျှင်တရုတ်လယ်သမားအကျိုးကာကွယ်ရန်ဆန်တင်ပို့မှုအပေါ်သွင်းကုန် အခွန်နှုန်းများထားမြှင့်ထားတဲ့အတွက် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ ဒါကို g to g (အစိုးရချင်း) ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် ယခုအခါ  မိမိနိုင်ငံမှ ကုမ္ပဏီ ၉ ခု တရားဝင်တင်ပို့ဆောင်ရွက်ခွင့်ရသွားပြီဖြစ် ကြောင်း၊ မြဝတီဒေသဟာ ရှောင်ကွင်းလမ်းများပြားခြင်း၊ပို့ကုန်ပစ္စည်းအများစုဟာလည်း၂ရာခိုင်နှုန်းအခွန်   ရှောင်တိမ်းလို၍ ရှောင်ကွင်းလမ်းမှသာ သွားလာနေကြခြင်းဖြစ်ရာ တရားမဝင်  သွားလာနေမှုများအား လက်တွဲ ခေါ်ယူသွားရန် လိုအပ်ကြောင်း၊ သို့မှသာ ကုန်သွယ်မှုလည်း တက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။

 

                                                                                                                                      MIRT (DCCA)