ဖွံ့ဖြိုးမှုအနည်းဆုံးအာရှနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်းမှုတိုးတက်လာ

   GSP(EBA) အစီအစဉ်အရ ဖွံ့ဖြိုး မှုအနည်းဆုံး အာရှနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်းမှုသည် ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ် (၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ) ၏ ပထမငါးလတွင် တန်ချိန်၁၀၆၆၄၉ ခန့်ရှိခဲ့ပါသည်။ ထို့ကြောင့် ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၃-၂၀၁၄ ဈေးကွက်နှစ် (၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လမှ ၂၀၁၄ ခုနှစ်၊ သြဂုတ်လအထိ)၊ ပထမငါးလတွင် အဆိုပါနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်းမှု တန်ချိန် ၁၀၆၁၅၇ ခန့်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်တိုးတက်လာပါသည်။

  ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ်တွင် အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးအာရှ နိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်များကိုအဓိကတင်သွင်းခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးအာရှနိုင်ငံ များမှ စုစု ပေါင်း တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ်၏ ပထမငါးလတွင် ကမ္ဘောဒီးယားနိုင်ငံမှ အီးယူ၏ဆန်တင်သွင်းမှုသည် တန်ချိန် ၈၅၂၈၀ ခန့်ရှိရာလွန်ခဲ့သော နှစ်ကာလတူ (တန်ချိန် ၉၉၀၈၇) နှင့် နှိုင်းယှဉ်ပါက ကမ္ဘောဒီးယားနိုင်ငံမှ အီးယူ၏တင်သွင်းမှုသည် ၁၄ ရာခိုင်နှုန်းခန့်ဆင်းသွားခဲ့ပါသည်။

   ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ်တွင် အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးအာရှနိုင်ငံများအနက် မြန်မာနိုင်ငံမှဆန်များကို ဒုတိယအများဆုံးတင်သွင်းခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးအာရှနိုင်ငံ များမှ စုစု ပေါင်းတင်သွင်းမှု၏ ၁၈ ရာခိုင်နှုန်းခန့်ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဈေးကွက် နှစ်၏ပထမငါးလတွင် မြန်မာနိုင်ငံမှအီးယူ၏ဆန်တင်သွင်းမှုသည် တန်ချိန် ၁၉၂၈၄ ခန့်ရှိခဲ့ ရာလွန်ခဲ့သောဈေးကွက် နှစ်ကာလတူ (တန်ချိန် ၄၉၆၈) နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ အီးယူ၏တင်သွင်းမှုသည် ၄ ဆခန့်မြင့်တက်ခဲ့ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့