ရင်းနှီးငွေစီးဆင်းမှုကို ထိန်းချုပ်ရန်မလိုဟု ထိုင်းနိုင်ငံဗဟိုဘဏ်ကဆို

   ဘတ်ငွေတန်ဖိုးခိုင်မာခြင်းသည် ထိုင်းနိုင်ငံ၏   ပြည်ပတင်ပို့မှုအပေါ် ထိခိုက်စေနိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုရှိသော်လည်း ဘတ်ငွေတန်ဖိုးသည် အတော်အသင့်တည်ငြိမ်နေ ပြီး ပုံမှန်ငွေကြေးစီးဆင်းမှုရှိနေသည်အတွက် ထိုင်းနိုင်ငံဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှုကို စီမံခန့်ခွဲရန် အထူးစီမံချက်ကိုဆောင်ရွက်မည်မဟုတ်ကြောင်း ခိုင်မာ စွာပြောဆိုခဲ့ပါသည်။

   ထိုင်းနိုင်ငံအတွင်းသို့ ဈေးကစားပြီးရင်းနှီးမြှုပ်နှံလာသော ငွေကြေးစီးဝင်မှုမရှိသေးကြောင်း၊ သို့ဖြစ်ရာ နိုင်ငံခြားငွေကြေးလဲလှယ်မှုကို ထိန်းကျောင်းရန်အတွက် စီမံချက်ရေး ဆွဲဆောင်ရွက်ရန်မလိုအပ်ကြောင်း၊ ရင်းနှီးငွေစီးဆင်းမှုသည် ပုံမှန်ပင်ဖြစ်ကြောင်း၊ အဓိက ငွေကြေးအချို့၏ အမေရိကန်ဒေါ်လာနှင့် လဲလှယ်နှုန်းသည် သိသိသာသာပြောင်း လဲလျက်ရှိကြောင်း၊ ဤသို့ဖြင့် အဆိုပါငွေကြေးများနှင့်ဘတ်ငွေလဲလှယ်မှုတွင် ကြီးမားသော ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  Ms.Pongpen  ကပြောကြားခဲ့ပါသည်။

   အမှန်တကယ်အားဖြင့် ဘတ်ငွေတန်ဖိုးသည် အခြားငွေကြေးများထက် ပိုမို တည်ငြိမ်လျက်ရှိကြောင်း၊ ၎င်း၏ အတက်အကျသည် ၅-၆ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျော့ကျ သွားကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ အကျိုးအတွက် ဘတ်ငွေကို စီမံခန့်ခွဲရန်ဆောင်ရွက်နိုင်သော နည်းလမ်းများကို အသုံးပြုရန် အဆင်သင့်ပင်ဖြစ်ကြောင်း၊ သို့ရာတွင် ကာလ လတ်အတွင်း နိုင်ငံခြားငွေကြေးလဲလှယ်မှုကို စီမံခန့်ခွဲမည့်နည်းလမ်းများ၏ အားနည်းချက်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်းသုံးသပ်ကြပါသည်။

   မကြာသေးခင်က ဘတ်ငွေတန်ဖိုးအပြောင်းအလဲများ (မတည်ငြိမ်မှု) ဖြစ်ပေါ်ခဲ့ခြင်းသည် အဓိကအားဖြင့် ဥရောပနှင့် ဂျပန်တို့၏ ငွေကြေးလှုံ့ဆော် အားပေးရေး စီမံချက် များကြောင့်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးလာသောနိုင်ငံများ (ဈေးကွက်များ) တွင် ကူးသန်းရောင်းဝယ်ရေးဘဏ်ခွဲများတည်ထောင်မှုကို ဗဟိုဘဏ်အနေဖြင့် ထောက်ပံ့ကူညီပေး သင့်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Isara ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့။