ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်

   ထိုင်းနိုင်ငံ၏ မြို့တော်ဗန်ကောက်တွင် မတ်လ ၂၄ရက်နေ့ နေ့လယ်ပိုင်းက မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့တော်ဗန်ကောက်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

   မိုးရွာသွန်းမှုသည် အချိန်တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး လေပြင်းများပါတိုက်ခတ်ကာ သည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်သည်။ မြို့တော်ဗန်ကောက်တွင်တာဝန်ကျနေသည့် ယာဉ် ထိန်းရဲများ၏ သတင်းပေးပို့ချက်အရ ဗန်ကောက်မြို့၏ နေရာပေါင်းခုနစ်နေရာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။

   ယင်းကဲ့သို့ရေကြီးမှုများကြောင့် ဗန်ကောက်မြို့ပေါ်တွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရသည်ဟုဆိုသည်။ ရေကြီးမှုသည် တချို့နေရာများတွင် ခြေကျင်းဝတ်မြုပ်သည်အထိ သာ ဖြစ်ခဲ့သော်လည်း တချို့နေရာများတွင် ကားဘီးများမြုပ်သည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ တချို့နေရာများတွင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များအတွင်းသို့ပင် ရေများ ဝင်ရောက်သည်အထိဖြစ်ခဲ့ ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဆာဖာရီခရိုင်ရှိ ချင်းမိုင်သို့သွားသည့် ရထားနှင့် ထရပ်ကား တစ်စီးတို့ တိုက်မိခဲ့ကြရာ လူခုနစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗန်ကောက်ပိုစ်တွင်ဖော်ပြထားပါသည်။

မယ်သီတာ