မြန်မာ့ရွှေဈေး တက်ဈေးဖြင့် ဈေးငြိမ်လျက်ရှိ

   ပြီးခဲ့သည့် ရက်သတ္တပတ်များက ဈေးမြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် ဈေးအမြင့်ဖြင့် ဈေးငြိမ်လျက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ဈေးမြင့် တက်နေခြင်းကြောင့် ရွှေဝယ်လိုအားများကျဆင်းလာခဲ့ကာ စောင့်ကြည့်လျက်ရှိကြောင်း ရွှေကုန်သည်တစ်ဦးကပြောကြားခဲ့သည်။

  ''ဒီတစ်ပတ်မှာ  ရွှေဈေးကတက်ဈေးနဲ့ငြိမ်နေတယ်။  ကမ္ဘာ့ရွှေဈေးက မဆိုစလောက်ကလေးတက်လာတဲ့အတွက် မြန်မာ့ရွှေဈေးကမတက်ဘဲနဲ့ ဈေးအမြင့်မှာပဲ ငြိမ်နေ တာ။ ဈေးပြန်ကျနိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် အဝယ်ရော အရောင်းပါအေးနေတယ်။ စောင့်ကြည့်နေကြတဲ့ သဘောပါ။ သြင်္ကန်ကလည်းနီးလာပြီဆိုတော့ ဈေးနည်း နည်းပြန်ကျတာနဲ့ရောင်းကြမယ့်သူတွေများတယ်။ ခုက ကမ္ဘာ့ရေနံဈေးကကျနေတော့ ကမ္ဘာ့ရွှေဈေးကမြင့်တက်လာတယ်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာနဲ့ မြန်မာ့ရွှေဈေးလည်း လိုက်ပြီးတက်လာမှာပဲ'' ဟု ရွှေကုန်သည်တစ်ဦးကသုံးသပ်ပြခဲ့သည်။

   မြန်မာ့ရွှေဈေးသည် မတ်လ ၃၀ ရက်က ကျပ် ၆၈၃၀၀၀ ရှိခဲ့ရာမှ ဧပြီ လ ၁ ရက်တွင် ကျပ် ၆၈၀၀၀၀ သို့ အနည်းငယ် ကျဆင်းသွားခဲ့သည်။ သို့ သော် ဧပြီ ၃ ရက်တွင် ကျပ် ၆၈၂၀၀၀ သို့ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်။

   ကမ္ဘာ့ရွှေဈေးသည် မတ်လ ၃၀ ရက်နေ့က ၁၁၈၈ ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၁ရက်နေ့တွင် ၁၁၈၉ ဒေါ်လာသို့အနည်းငယ်မြင့်တက်ခဲ့ပြီး ဧပြီလ ၃ ရက်တွင် ၁၂၀၂ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။

မယ်သီတာ