ထိုင်း-ဥရောပသမဂ္ဂလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက် ပြန်လည်စတင်ရန်တိုက်တွန်း

   ထိုင်းနိုင်ငံမှာ  ဒီမိုကရေစီပြန်လည်ရရှိတဲ့အထိစောင့်ဆိုင်းဖို့မလိုဘဲ ထိုင်း- ဥရောပသမဂ္ဂလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီစာချုပ်ကို ပြန်လည်စတင်ပြီး စေ့စပ်ညှိနှိုင်းဖို့  ဥရောပ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအသင်း (European Association for Business and Commerce-EABC)  က ပြောကြောင်း နေးရှင်းသတင်းမှာဖော်ပြထား ပါတယ်။

   ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ရာမှာ အချိန်အကြာကြီးယူရမှာဖြစ်တဲ့အတွက် လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်က နှစ်ဖက်စလုံးမှာ ကုန်သွယ်မှုဖွံ့ဖြိုးမှုရရှိရေးကို ဦးတည်ဆောင်ရွက်ဖို့လိုကြောင်းအသင်းက ပြောပါတယ်။ ၂၀၁၄ ခုနှစ်က ရွေးကောက်ခံအစိုးရထံမှ အာဏာကိုစစ်တပ်က သိမ်းယူခဲ့တဲ့အတွက် ဥရောပသမဂ္ဂ (အီးယူ)က ကန့် ကွက်ပြီး ဆွေးနွေးပွဲတွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီပြန်ရတာနဲ့တစ်ပြိုင်နက် စာချုပ်ကို လက်မှတ်ထိုးရင်ဖြစ်နိုင်ကြောင်း EABC  ကပြောပါတယ်။

   ထိုင်းနိုင်ငံမှာရှိတဲ့ EABC ကော်မတီမှာ အီးယူစီးပွားရေးလုပ်ငန်း ၂၀၀၀ ကျော်ပါဝင်ဖွဲ့စည်းထားပြီး  ဒီကော်မတီက မကြာမီဘရပ်ဆဲလ်မြို့ကိုသွားရောက်ပြီး လွတ်လပ်စွာ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းမှုတွေဆောင်ရွက်ဖို့ ဥရောပကော်မရှင်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

   ဥရောပစီးပွားရေးလုပ်ငန်းတွေကဆွေးနွေးပွဲတွေကို အတတ်နိုင်ဆုံးဆောလျင်စွာကျင်းပဖို့ဆန္ဒရှိနေကြောင်း အဆိုပြုထားတဲ့ FTA နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ရပ်တည်ချက် ကို မတ် ၃၀ ရက်က ထိုင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဒုတိယဝန်ကြီး အပီရာဒီတန်ထရာပွန်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် EABC  ဥက္ကဋ္ဌ ရော့ဒိုင်ယက်တာဒင်နီယယ် က ပြောပါတယ်။

   ဆွေးနွေးပွဲတွေပြန်စဖို့အတွက် ထိုင်းအစိုးရနဲ့ ဥရောပကော်မရှင် အကြားကြားလူအဖြစ် EABC  က ဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း သူက ပြောပါတယ်။ ဆွေးနွေးပွဲ စတင်ရေးကိစ္စကို ထိုင်းနိုင်ငံက လိုလိုလားလားရှိကြောင်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်သူကပြောပါတယ်။ FTA ဆွေးနွေးပွဲတွေပြန်စဖို့ ဥရောပပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ရဲ့ ဆန္ဒသဘောထားကိုသိရှိနိုင်ဖို့ ဒင်နီယက်က ထိုင်းနိုင်ငံဆိုင်ရာ အီးယူသံအမတ်နဲ့တွေ့ဆုံဆွေးနွေးထားပြီဖြစ်ပါတယ်။

ဉာဏ်တင်