ကမ္ဘာ့ဝါဈေးနှုန်း ဆက်လက်တည်ငြိမ်မည့် အလားအလာရှိ

ကမ္ဘာ့ဝါဈေးနှုန်းသည် ၂၀၁၅-၁၆ ခုနှစ်တွင်ဆက်လက်တည်ငြိမ်မည်ဟု ခန့်မှန်းကြောင်းInternational Cotton Advisory Committee (ICAC)  က ၂၀၁၅ ခုနှစ် ဇူလိုင်လ လေး ရက် နေ့ တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။အဆိုပါအစီရင်ခံစာအရ ၂၀၁၄-၁၅ ခုနှစ်တွင် ဝါလက်ကျန် ပမာဏသည် ကိုးရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၂၁ ဒသမ ၉ သန်း ခန့်ရှိမည်ဟု ခန့်မှ န်းကြောင်း၊ ဝယ်လိုအားထက် ထုတ်လုပ်မှုမြင့်မား ခြင်းကြောင့် ၂၀၁၀-၁၁ ခုနှစ်မှစတင်၍ ဝါလက်ကျန် တန်ချိန် ၁၃ ဒသမ ၄ သန်းခန့်ရှိကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင်မူ ဝါလက်ကျန်သည် ငါးရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၂၀ ဒသမ ၉ သန်းခန့်ရှိမည်ဟု ခန့်မှန်းကြောင်း၊ တရုတ်နိုင်ငံ ပြင်ပဈေးကွက်တွင် ဝါသိုလှောင်မှု ပမာဏသည် သုံးရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ကိုး သန်းအောက် တွင်သာ ရှိနိုင်ကြောင်း အဆိုပါဝါပမာဏသည် တရုတ်အစိုးရ၏ ဝါသိုလှောင်ထားရှိမှုကို ကိုင်တွယ်ဆောင်ရွက်ပုံအပေါ်မူတည်နေ ကြောင်း သိရှိရပါသည်။ကမ္ဘာ့ ဝါဈေးနှုန်း တည်ငြိမ်စေရန် ခန့်မှန်းတန်ချိန် ၁၁ ဒသမ ၃ သန်းရှိသည့် သိုလှောင်ထားသည့် ဝါများကို လက်ရှိပေါက်ဈေးနှင့် အနီးစပ်ဆုံးဈေးဖြင့် စတင်ရောင်းချမည့် အစီအစဉ်ရှိကြောင်း တရုတ်အစိုးရ က ယခင်လက ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့သော် လည်း အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေး ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
၂၀၁၄-၁၅ ခုနှစ် တွင် ဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့ ခြင်းကြောင့် ကမ္ဘာ့ဝါစိုက်ပျိုးမှုဧရိယာသည် ၂၀၁၅-၁၆ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းကျဆင်းကာ စုစုပေါင်း ဟက်တာ ၃၁ ဒသမ ၃ သန်းခန့်သာရှိမည်ဖြစ်ပါသည်။ ဝါအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တစ်ဟက်တာလျှင် ၇၆၄ ကီလိုဂရမ်ခန့်ဖြစ်၍ စုစုပေါင်း တန်ချိန် ၂၃ ဒသမ ၉ သန်းခန့် ထွက်ရှိသော်လည်း အဆိုပါအထွက်နှုန်းသည် ၂၀၁၄-၁၅ ခုနှစ်တွင် ဝါထွက်ရှိမှု ပမာဏထက် ကိုးရာခိုင်နှုန်း လျော့နည်းပါသည်။တရုတ်နိုင်ငံ၌ ဝါစိုက်ပျိုးသည့်ဧရိယာ သည် ၁၂ ရာခိုင်နှုန်း ကျဆင်းကာ ဟက်တာ ၃ ဒသမ ၈ သန်းခန့် ရှိမည်ဖြစ်ပြီး ဝါထွက်ရှိမှု သည် ၁၆ ရာခိုင်နှုန်းကျဆင်းကာ စုစုပေါင်းတန်ချိန် ၅ ဒသမ ၄ သန်း ခန့်ရှိနိုင် ပါသည်။၂၀၁၄-၁၅ ခုနှစ်တွင် ဝါဈေးနှုန်းများ ကျ ဆင်းခဲ့ သဖြင့် ၂၀၁၅-၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ဝါစိုက်ဧရိယာသည် ငါးရာခိုင်နှုန်းခန့် ကျဆင်းကာ ဟက်တာ ၁၁ ဒသမ ၆ သန်းခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြပါသည်။ ကမ္ဘာ့ဝါဈေးနှုန်းမှာ အနိမ့်ပိုင်းတွင် ရှိနေမှုကြောင့် အမေရိကန်နိုင်ငံတွင်လည်း ဝါစိုက်ပျိုးသည့်ဧရိယာမှာ ၁၅ ရာခိုင်နှုန်း လျော့ကျသွားပြီး ဟက်တာ စုစုပေါင်း ၃ ဒသမ ၃ သန်းခန့်သို့ ကျဆင်း သွားနိုင်ကာ ထုတ်လုပ်မှုအနေဖြင့် ၁၂ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ ဒသမ ၁ သန်းခန့်သို့ ရောက်ရှိနိုင် ပါသည်။ ထို့အတူ ပါကစ္စတန်နိုင်ငံတွင်လည်း ယခုနှစ်၌ ဝါစိုက်ပျိုးမှု ဧရိယာ ခြောက်ရာခိုင်နှုန်းခန့် ကျဆင်းကာ ဟက်တာ ၃ ဒသမ ၃ သန်းခန့်သာ ရှိနိုင်ပြီး ဝါထွက်ရှိမှုသည် ၁၁ ရာခိုင်နှုန်းလျော့ကျကာ တန်ချိန် ၂ ဒသမ ၁ သန်းခန့် ထွက်ရှိနိုင်ပါသည်။
သို့သော်လည်း အခြားသီးနှံများ၏ ဈေးနှုန်းများ ကျဆင်းနေ ခြင်းကြောင့် ကမ္ဘာ့ဝါစိုက်ပျိုးမှု ဆက်လက်ကျဆင်းနိုင်မည် မဟုတ် ကြောင်း သိရှိရပါသည်။၂၀၁၅-၁၆ ခုနှစ်တွင် ကမ္ဘာ့ဝါ သုံးစွဲ မှုမှာ နှစ်ရာခိုင်နှုန်းတိုး တက်ကာ တန် ၂၄ ဒသမ ၉ သန်းခန့် ဖြစ်မည်ဟု ခန့်မှန်းကြပါသည်။ တရုတ်နိုင်ငံ၏ ဝါသုံးစွဲမှုမှာ လက်ရှိပမာဏ ၇ ဒသမ ၇ သန်းမှ ပြောင်းလဲမည်မဟုတ်ကြောင်း သိရှိ ရပါသည်။ ယခုနှစ်တွင် အိန္ဒိယ နိုင်ငံရှိ ချည်မျှင်နှင့်အထည်စက်ရုံများ၏ ဝါသုံးစွဲမှုမှာ သုံးရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၅ ဒသမ ၄ သန်းခန့်ရှိနိုင်သဖြင့် ကမ္ဘာ့ဝါသုံးစွဲမှု ၏ ၂၂ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိနိုင်ပါသည်။ထို့အပြင် ဝါတင်သွင်းသည့်နိုင်ငံများ၏ ဝယ်လိုအားသည် ပိုမို တိုးတက်နိုင်သဖြင့် ကမ္ဘာ့ဝါကုန်သွယ်မှုတွင် တန်ချိန် ၇ ဒသမ ၇ သန်း မြင့်တက်နိုင် ပါသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ ကိုးရာခိုင်နှုန်း ကျဆင်းနိုင်ကာ စုစုပေါင်းတန်ချိန် ၁ ဒသမ ၆ သန်းသာ တင်သွင်းနိုင် မည်ဟု ခန့်မှန်းသော်လည်း တရုတ်နိုင်ငံမှအပ အခြားနိုင်ငံ များ ၏ ဝါတင်သွင်းမှုသည် လေးရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၆ ဒသမ ၁ သန်းခန့် ပိုမိုတင်သွင်းနိုင်ခြင်းကြောင့် ကမ္ဘာ့ဝါဈေးနှုန်းမှာ တည် ငြိမ်မည့် အလားအလာ ရှိကြောင်း လေ့လာ သိရှိရပါသည်။