မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် နောက်ကြောင်း ပြန်လှည့်ရန် အလားအလာ မရှိကြောင်း စင်ကာပူသတင်းဌာနများမှ ဖော်ပြ
စင်ကာပူနိုင်ငံ၌ မတ်လ ၃၀ရက် နေ့တွင် ထုတ်ဝေသည့် The Straits Times သတင်းစာ၌ ဆောင်းပါးရှင် Nirmal Ghosh ကမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ နောက်ကြောင်း ပြန်လှည့်ရန်မရှိကြောင်း သတင်းရေး သားဖော်ပြ ချက်အား အောက်ပါအတိုင်းကောက်နှုတ်တင်ပြအပ်ပါသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်လျက်ရှိချိန်တွင်မြန်မာ့တပ်မတော်မှ နယ်စပ်ဒေသတိုက်ပွဲများ၌ ပါဝင်လျက်ရှိမှု များ၊ ကျောင်းသားများ၏ပညာရေးစနစ်အပေါ်ဆန့်ကျင်ဆန္ဒပြမှုများ၊ မကြာသေးမီက သတင်းလွတ်လပ်ခွင့်ရရှိခဲ့သည့် မီဒီယာများမှ အစိုးရ၏သည်းခံနိုင်မှုကန့်သတ်ချက်ကို ဖော် ထုတ်ခြင်းများစသည့် အကြောင်းပြချက်များနှင့်အတူ ပြည်တွင်းနှင့် ပြည်ပသတင်း မီဒီယာများ ၏ မြန်မာနိုင်ငံနှင့် ပတ်သက် သည့် ခေါင်းစီးပိုင်းသတင်းများမှာ မကြာခဏဆိုသလို စိုးရိမ်ပူပန်ဖွယ်ရာ အချက်များကိုသာ ရေးသားဖော်ပြလျက်ရှိကြပါသည်။ အလားတူ အခွင့်အရေးတက်ကြွလှုပ်ရှားသူများကလည်း မြန်မာအရပ်သား အစိုးရအနေဖြင့် နိုင် ငံရေးပြုပြင်ပြောင်းလဲ မှုများမှ နောက်ပြန်လှည့်သွားလျက်ရှိကြောင်း စွပ်စွဲပြောဆိုလျက်ရှိကြသည်။
သို့ရာတွင် နိုင်ငံရေးမတည်ငြိမ်မှုများရှိနေသော်လည်းဤအခြေအနေကို ရပ်ဆိုင်းစေရန် အခြေခိုင်နေပြီဖြစ်သည့် စီးပွားရေးဆိုင်ရာဖြေ လျှော့မှုများက ကောင်းစွာဆွဲဆောင် လျက်ရှိကြောင်း ထိုင်းနိုင်ငံ၏ အထင်ကရကုမ္ပဏီကြီးတစ်ခုဖြစ်သော Charoen Pokphand (CP) အုပ်စုမှ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Dr. Sarasin Viraphol ကပြောကြားပါ သည်။ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် အာဆီယံ-မြန်မာဖိုရမ် ၏ ပြင်ပတွေ့ဆုံမေးမြန်းခန်း တစ်ခု ၌ ဖြေကြား ရာ တွင် မြန်မာနိုင်ငံ၌ သဘာ၀ အရင်းအမြစ် ကြွယ်ဝပြီး လူဦးရေသန်း ၅၀ ရှိသော ဈေးကွက်တစ်ရပ်နှင့်အတူ ကျွမ်းကျင်မှုအရည်အချင်း ပြည့်စုံသူနှင့် မပြည့်စုံသူ လုပ်သားများစွာရှိကြောင်း၊ ကမ္ဘာ့တစ်ဝန်း၌ အခြေခံလိုအပ် ချက်ထက် ပိုမိုသုံးစွဲနိုင် သူလူတန်းစား (Consuming class) မှာ ၃၅ ရာခိုင်နှုန်းရှိနေချိန်၌မြန်မာနိုင်ငံ၏လူဦးရေတွင် အဆိုပါ လူတန်းစားမှာ ၄ ရာခိုင်နှုန်းမျှသာရှိကြောင်း၊ နိုင် ငံရေးမျက်နှာစာ သို့မဟုတ်နိုင်ငံတကာမျက်နှာစာ၌မည်သို့ ပင်ရှိစေကာမူ ၎င်းတို့အနေဖြင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်မည့်လှုပ်ရှားမှုများကိုသာ အလေးပေးရှုမြင်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌စီးပွားရေးအရှိန်အဟုန်မှာ တိုးတက်လာမည်ဟုမိမိတို့ယုံကြည်ကြောင်းစသည်ဖြင့် Dr.Sa-rasin က ပြောဆိုခဲ့ခြင်းဖြစ်သည်။ CP အုပ်စု သည် မြန်မာနိုင်ငံကြက်မွေးမြူရေးဈေးကွက်သို့ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကပင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းတိုးချဲ့မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိကာလ၌မြန်မာနိုင်ငံရှိ မြို့ကြီးများတွင်ကြက်ကင်ဆိုင်ပေါင်း ၁၀၀ကျော် တိုး ချဲ့ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ထိုင်းနိုင်ငံရှိ Malvo စူပါမားကတ်များကဲ့သို့အလယ်အလတ် အဆင့်ရှိသောကုန်မျိုးစုံလက်လီအရောင်းဆိုင်ခွဲများကို ဖွင့်လှစ်နိုင်ရန်လည်းစီစဉ်လျက်ရှိပါသည်။
မြန်မာနိုင်ငံသို့ ပြည်ပမှတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ၏ ဝင်ရောက်မှုမှာလည်း တိုးတက်လျက်ရှိရာ အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက ယခုဘဏ္ဍာနှစ်အတွင်း မူလကခန့်မှန်း ထားသည်ထက် ဒေါ်လာ ၃ ဘီလီယံပိုမိုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍတို့၌ ဝင်ရောက်လုပ်ကိုင်မှုတိုးပွားလာခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ယခင် ရက်သတ္တပတ်အတွင်း ကပြောကြားခဲ့ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မှာ မြန်မာနိုင်ငံသို့ ဆက်လက်စီးဝင်မည့် အလားအလာများရှိနေပြီး အာရှဒေသရှိ စီးပွားရေးလုပ်ငန်းများ၏ လေးပုံတစ်ပုံခန့်မှာ ယခုနှစ်အတွင်း မြန်မာဈေးကွက်၌ လုပ်ငန်းများ တိုးချဲ့လုပ်ဆောင် ဖွယ် ရှိကြောင်း ယူအိုဘီဘဏ်၏ ၂၀၁၄ ခုနှစ် အတွက် အာရှဒေသစီးပွားရေးလုပ်ငန်းများ လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားပါသည်။ စင်ကာပူနိုင်ငံတွင် အခြေစိုက်သော ယူအိုဘီဘဏ်သည် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ကနဦး လိုင်စင်ရရှိသည့် ပြည်ပဘဏ် ၉ခုတွင် အပါအဝင်ဖြစ်ပြီး တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများရှိ ကုမ္ပဏီပေါင်း ၁၀၂၄ ခုထံမှ စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု များ သည် မြန်မာနိုင်ငံ၌ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးပြီး ဝင်ငွေတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အခြားသော စီးပွားရေးအခွင့်အလမ်းအသစ်များသည်လည်း ပေါ်ထွန်းလာ မည်ဖြစ်ကြောင်း ယူအိုဘီမှပြော ဆိုပါ သည်။ မော်တော်ယာဉ်လုပ်ငန်း၊ စားသောက်ကုန်နှင့်ဖျော်ရည်လုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာလုပ်ငန်း၊ ပင်လယ်ရေကြောင်း ပို့ဆောင်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာ ပြည်ပရင်းနှီးမြှုပ်နှံသူများ အဓိကစိတ်ဝင်စားသည့် ကဏ္ဍများဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် ၂၀၁၃-၂၀၁၄ ခုနှစ် ဂျီဒီပီတိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်းထက်ကျော်လွန်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းထားပါသည်။ မတ်လတတိယပတ်အတွင်း ထုတ်ပြန်ခဲ့ သည့် နှစ်စဉ်စီးပွားရေးအလားအလာခန့်မှန်းချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အခြေခံပြုပြင်ပြောင်းလဲရေးအစီအစဉ်များက မကြာသေးမီနှစ်များအတွင်း တိုးတက်မှုကိုရရှိစေ ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆက်လက်တိုးတက်မည်ဟုခန့်မှန်းရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှဖော်ပြပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၅ နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသားပို့ကုန်မဟာဗျူဟာကိုလည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့ ပြီးဖြစ်ပါသည်။ ဤမဟာဗျူဟာသည် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယဈေးကွက်များ၊ အခြားသော ကမ္ဘာ့ဈေးကွက်များနှင့်ပေါင်းစည်းရာတွင် အဆင့်နိမ့်တန်ဖိုးမြှင့်ထုတ်ကုန်နှင့် လုပ်အားခနည်းပါးသည့် ကုန်စည်ထုတ်လုပ်မှုတို့အပေါ်အမှီအခိုပြုသည့် ပြည်ပပို့ကုန်ကဏ္ဍမှပိုမိုကျယ်ပြန့်ပြီး ယှဉ်ပြိုင်မှုကို အခြေခံ သည့်စနစ်သို့ပြောင်းလဲလုပ်ကိုင်ရန် ပုံစံထုတ် ထားခြင်းဖြစ်ပါသည်။ ဂျီနီဗာအခြေစိုက်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez ကမြန်မာနိုင်ငံ ၏ စီးပွားရေးလုပ်ငန်းများ အနက် အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၉၈ ရာခိုင်နှုန်းခန့်ပါဝင်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများသည် မြန်မာနိုင်ငံထွက်ကုန်စည်များအပေါ် တရုတ်နှင့်အိန္ဒိယနိုင်ငံ တို့မှ အကောက်ခွန်ကင်း လွတ်ခွင့်နှင့် ခွဲတမ်းသတ်မှတ် ချက်ကင်းလွတ်ခွင့်များ ပေးအပ်ထား သည်ကိုပင် မသိရှိခဲ့ကြကြောင်း၊ သို့ရာတွင် ၎င်းအချက်များမှာ စီးပွားရေးလုပ်ကိုင် ရန် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးတံခါးဖွင့်လှစ်မှုကို အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်သည့် လမ်းကြောင်း တွင် ရောက်ရှိနေပြီး ဤအခြေအနေကို ဆက်လက်ထိန်းသိမ်းထားရှိမည်ဟု မျှော်လင့်ရကြောင်းစသည်ဖြင့် ရန်ကုန် မြို့ရှိ နိုင်ငံခြားသတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။
အာဆီယံ-မြန်မာဖိုရမ်အား ကမကထ ပြုကျင်းပသည့် စင်ကာပူနိုင်ငံတကာရေးရာသိပ္ပံဌာန မှ ပါမောက္ခ Mr.Simon Tay ကလည်း အနောက် တိုင်းသတင်းဌာနများသည် အခြားသော အမြင်ရှုထောင့်မှနေ၍ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းများရေးသားဖော်ပြလျက်ရှိကြကြောင်း၊ သို့ရာတွင်မိမိတို့အနေဖြင့် အဆင့်အလိုက်တိုးတက်ဖြစ်ထွန်း မှုများကို နှစ် ကာလများစွာကပင် စောင့်ကြည့်လေ့လာခဲ့ကြကြောင်း၊ ပြီးပြည့်စုံသော ဒီမိုကရေစီစနစ် တစ်ရပ်မှာ နေ့ချင်း ညချင်းဖြစ်ပေါ် လာနိုင်မည်မဟုတ်ကြောင်း၊ သို့ဖြစ်ရာ အာဆီယံ နှင့်မိမိတို့ဒေသတွင်း၌ အရေးပါသော အစိတ် အပိုင်းတစ်ရပ် အဖြစ် မြန်မာနိုင်ငံအပေါ်အခြေခံ အားဖြင့် အပြုသဘောဆောင်ရှုမြင်လျက်ရှိကြောင်းပြောဆိုပါသည်။ အလားတူ Hamsa Hub စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းမှ ဦးသုတအောင်ကလည်း မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များစွာကို ဆောင်ရွက်ထားရှိပြီး ဖြစ်သည့် အားလျော်စွာ နောက်ကြောင်း ပြန်လှည့်ရန်မှာ အလှမ်းဝေးကွာသွားပြီဖြစ်ကြောင်း၊ ၎င်း အနေဖြင့်နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုမရှိကြောင်း စသည်ဖြင့် အဆိုပါဖိုရမ်၌ ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ပါသည်။
(ဆောင်းပါးရှင် Mr.Nirmal Ghosh သည် The Straits Times သတင်းဌာနမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ဖွင့်လှစ်ထားသော အင်ဒိုချိုင်းနား ဗျူရို၏အကြီးအကဲဖြစ်ပြီး အကြီးတန်းသတင်းထောက် အဖြစ် လည်း ဆောင်ရွက် လျက်ရှိ သူဖြစ် ပါသည်။)
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့