အထက်မင်းလှမြို့နယ်၌ ကုလားပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ရွာတော်၊ မန်းသံပုရာကန်၊ ညောင်ပင် သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ဇီးတော၊ မယ်ဇလီတော၊ ရွာသစ်၊ ဘွဲ့၊ ကုန်ကြီး၊ ဂျင်ရဲမြောင်(စံပြ) စသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီ အလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဇီးတောကျေးရွာတွင် ကုလားပဲသီးနှံ ဧက ၃၀ ခန့် စိုက်ပျိုးထားရှိကြောင်းသိရသည်။ 

     ကုလားပဲသီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲ (မြကြေး) မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့ ၂ တင်း ခန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၂၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် က တစ်ဧကလျှင် ကုလားပဲ ၁၀-၁၂ တင်း ခန့်ထွက်ရှိကြောင်း သိရသည်။ 

      ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့တို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှ တစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိသည့်အပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများမှာ စိမ်းလန်းစိုပြေ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံအထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အမြတ်ပိုမိုရရှိ နိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)